ကျားဖြန့်လုပ်ငန်းတွေက နောက်ထပ် တရုတ်နိုင်ငံသား သုံးရာဝန်းကျင်ကို လွှဲပြောင်း
2025.03.08

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို၊ မယ်ထော်သလေးနဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၃၀၄ ဦးကို မတ်လ ၈ ရက်နေ့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ဒီတရုတ်နိုင်ငံသား ၃ဝ၄ ဦးကို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေနဲ့အတူ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေး ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေက လက်ခံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လေးထောင့်ခုနစ်ရာဝန်းကျင် (၄၇၀၂ ဦး) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်ကနေ မတ်လ ၈ ရက်နေ့အတွင်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲက နိုင်ငံခြားသား နှစ်ထောင်နီးပါး (၁၉၇၅ ဦး) ကို ထိုင်းနိုင်ငံကတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီး ကျန်နေသေးတဲ့ နိုင်ငံခြားသား ၂၇၂၇ ဦးကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။
ဒါ့အပြင် မယ်ထော်သလေးနယ်မြေကို တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၁၁၀ ဦးကို ထပ်မံ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်အရ ထိန်းသိမ်းခံထားရသူတွေထဲမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ ပါဝင်ပါတယ်။
မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar (JFM) က စစ်ကောင်စီဟာ ဒေသတွင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို အဓိက အားပေးကူညီနေသူဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ဆက်စပ်တဲ့ ရာဇဝတ် လုပ်ငန်းကြီးတွေကိုပါ လက်သပ်မွေးထားတယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေတွေထဲမှာ အခြေချလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေက မြဝတီနဲ့ ရွှေကုက္ကိုဒေသကို ထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် သုံးဦးကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ရှေ့နေချုပ်ရုံးကို မတ် ၃ ရက်က တင်သွင်းထားပါတယ်။
BGF ဘက်ကတော့ ထိုင်းအာဏာပိုင်တွေစွပ်စွဲသလို လူကုန်ကူးမှုတွေမှာ လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။