ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ကို တရုတ်ပြည် ဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ Wang Yi က ပြောပါတယ်။
ဒီကနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်တာပါ။
"သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ဖိတ်ကြားတဲ့ဟာပေါ့နော် အဲ့ဒါပြောပါတယ်၊ နောက် တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ ဥပဒေပြဌာန်းနိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းပြောပါတယ်၊ ကျနော်တို့ မြန်မာနိုင်ငံဘက်ကတော့ သမ္မတကြီး Xi Jinping က ဒီလိုမျိုးပြောကြားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်တာကို ပြောပါတယ်၊ နောက်တရုတ်ခရီးစဉ် နဲ့ ပတ်သက်လို့ ဒေါ်စုနဲ့ တိုင်ပင်ပြီးတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ သွားဖို့ခရီးစဉ် သတ်မှတ်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်"
မြန်မာပြည်သူတွေ အကျိုးရှိမယ်ဆိုရင် တရုတ်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးလက္ခဏာအဖြစ် နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ကိစ္စကိုလည်း ဆွေးနွေးတယ် လို့ ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကိစ္စ သီးခြားဆွေးနွေးတာမရှိဘဲ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ယေဘူယျအားဖြင့် ခြုံပြီးဆွေးနွေး တာသာရှိကြောင်း ပြောပါတယ်။