တရုတ်က မြန်မာစစ်အစိုးရကို ဒေါ်လာ သန်း ၄,၂၀၀ အတိုးမဲ့ ထုတ်ချေး
2010.09.23

ဒါ့ပြင် ဒီချေးငွေ ရရှိတဲ့အကျိုးကျေးဇူးတွေကို သာမန် မြန်မာပြည်သူတွေ ခံစားရမှာ မဟုတ်သလို၊ ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးစွဲတယ် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တပ်တိုးချဲ့မြှင့်တင်ရေးအတွက် ဘယ်လောက် သုံးစွဲတယ် ဆိုတာတွေကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်အစိုးရက မြန်မာနိုင်ငံကို အခုပေးအပ်တဲ့ ငွေကြေးအကူအညီဟာ တခြား ဖွံ့ဖြိုးဆဲ အာဖရိကနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းနေတယ်လို့ ပြောပါတယ်။
“တရုတ်က ဒီလို ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများကို သူ ငွေတွေ ထုတ်ချေးတယ်။ သူ့မှာ ငွေတွေ အများကြီး ရှိတာကိုး။ အရန်ငွေတွေက three trillion နီးပါးလောက် ရှိတယ်။ သန်းပေါင်း သုံးသန်းနီးပါးလောက် ရှိတယ်၊ ဒေါ်လာ ဒေါ်လာ။ အဲဒီတော့ သူက အဲဒီဟာတွေကို တော်တော်များများကို ထုတ်ချေးတယ်။ ထုတ်ချေးတဲ့ ရည်ရွယ်ချက်က အဲဒီ ဖွံ့ဖြိုးဆဲနိုင်ငံတွေ သူက ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သူက စဉ်းစားတာ။ အဲဒီနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူ့နိုင်ငံက ပစ္စည်းပစ္စယတွေ ဝယ်နိုင်မယ်၊ ရောင်းနိုင်မယ်။ ဒီရေရှည်အမြင်နဲ့ သူထုတ်ချေးတာပါ။”
“ဗမာပြည်ကို ပေးတယ်ဆိုတာ အင်မတန်ကို နည်းပါသေးတယ်။ သူ အာဖရိကနိုင်ငံတွေကို အများကြီး ပေးထားတာပါ။ အခြေခံအဆောက်အအုံတွေ ဆောက်တာ၊ လမ်းတွေ ဆောက်တာ၊ တံတားတွေ ဆောက်တာ၊ အများကြီး လုပ်ပါတယ်။ ဒါကြောင့်မို့ အနောက်နိုင်ငံက အာဖရိကတိုက်မှာ တရုတ်က ကိုလိုနီလက်သစ်ဖြစ်တယ် ဘာတယ်လို့တောင် စွပ်စွဲတာတွေ ဘာတွေ ခံရတယ်။ ဘာပဲဖြစ်ဖြစ် ချေးတယ်ဆိုရင်တော့ သူတို့မျက်နှာ ကြည့်ရတာတော့ ပါမှာပေါ့ဗျာ။”
စစ်ဖက်သတင်း ရပ်ကွက်တခုရဲ့ အပြော အရတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခု နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်သစ်ကိုလည်း စစ်ရေးအသုံး စရိတ်တွေ တင်ပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။