တစ်ရှူးငှက်ပျော စိုက်တဲ့ကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်မည်
2017.05.24
ကချင်ပြည်နယ်မှာ မြေယာဥပဒေနဲ့မညီဘဲ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီတွေကို ဥပဒေလမ်းကြောင်းအတိုင်းဖြစ်အောင် တဖြည်းဖြည်း တည့်မတ် ဆောင်ရွက် သွားမယ် လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။
အရင်အစိုးရလက်ထက်က နှစ်ရှည်ပင်စိုက်ပျိုးဖို့ မြေအသုံးချခွင့်ရထားသူတွေက လယ်ယာ မြေတွေမှာပါ တစ်ရှူး ငှက်ပျောတွေကို စိုက်ပျိုးလုပ်ကိုင်နေကြတာဟာ မြေယာဥပဒေနဲ့ မညီဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။
"ကျနေ်ာတို့အစိုးရက ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး၊ ကျနော်တို့ ဥပဒေလမ်းကို ဝင်လာဖို့ ဖြည်းဖြည်းချင်းလမ်းကြောင်း တည့်ပေးမှာ ဖြစ်တဲ့အကြောင်းလည်း ကျနော်အသိပေးပြောကြားလိုပါတယ်"
ကုမ္ပဏီအများစုဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး အစောပိုင်းနှစ်တွေက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ကချင်ပြည်နယ်အထူးဒေသ ၁ နယ်မြေ နဲ့ လဝါးယန်ပြည်သူစစ်ဒေ သတွေမှာ စိုက်ပျိုးလုပ်ကိုင်နေကြတာပါ။
အခုနှစ်ပိုင်းတွေမှာတော့ အစိုးရအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသ နဲ့ ဝိုင်းမော် မြို့နယ် ရွှေညောင်ပင်၊ တာဆန့်၊ စန်းကား စတဲ့ရွာတွေဘက်မှာပါ ကုမ္ပဏီပေါင်းစုံက မြေနေရာတွေကို နည်းမျိုးစုံ နဲ့ ရယူပြီး တရားမဝင် တိုးချဲ့စိုက်ပျိုးနေကြ တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ချန်ရင်ခူး၊ စင်ကြိုင်၊ ဆွတ်ဘွမ်၊ ပူတာအိုနဂါးနှစ်ကောင်၊ ထိန်မင် စတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၁ဝ ခုကျော်က စိုက်ပျိုးလုပ်ကိုင်နေကြတာပါ။
အဲဒီထဲက တစ်ခုဖြစ်တဲ့ ဆွတ်ဘွမ် ကုမ္ပဏီဟာ တာလောကြီးဒေသ ခေါင်ဖူးရွာသစ်ကျေးရွာအနီးမှာ တစ်ရှူး ငှက်ပျော စိုက်ပျိုးလုပ်ကိုင်ဖို့ပြင်ဆင်နေပြီး အဲဒီကုမ္ပဏီရဲ့ နာယကဖြစ်သူ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးခက်ထိန်နန်ဟာ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နဲ့ ညီအကို တော်စပ်သူဖြစ်ပါတယ်။
မြို့ရွာတွေအနီးက ဥယျာဉ်ခြံမြေ၊ တောတောင်တွေကို သိမ်းယူထားတာတွေအပါအဝင် တပြည်နယ်လုံးမှာ တရား မဝင်စိုက်ပျိုး လုပ်ကိုင်နေတဲ့ တစ်ရှူးငှက်ပျောစိုက်ဧက သိန်းဂဏန်းရှိနိုင်ကြောင်း ဒေသခံတွေကခန့်မှန်ကြပါတယ်။
အစိုးရရဲ့ စာရင်းအရ တပြည်နယ်လုံးမှာ တစ်ရှူးငှက်ပျောစိုက်ဧက လေးသောင်းဝန်းကျင်ရှိပါတယ်။