ICJ အမိန့်ချမယ့်နေ့မှာ တရုတ်က မြန်မာနဲ့အတူ အမြဲရှိနေမယ်လို့ ထုတ်ပြန်

မိုးမြင့်
2020.01.23
dassk-wangyi-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Thiha Tun/RFA

နိုင်ငံတကာတရားရုံး ICJ ဆုံးဖြတ်ချက်ချမယ့်နေ့မှာပဲ တရုတ်က မြန်မာနဲ့အတူ အမြဲတမ်းရပ်တည်နေမှာဖြစ် တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို ကြားဖြတ်အရေးယူမယ့် အစီအစဉ် ချမှတ်မယ့် ဒီနေ့ မနက်ပိုင်းမှာပဲ  နိုင်ငံတကာစင်မြင့်ပေါ်မှာ  မြန်မာနိုင်ငံရဲ့ အချုပ်အခြာရပ်တည်ပိုင်ခွင့်နဲ့ နိုင်ငံ့ပုံရိပ်၊ အကျိုးစီးပွားရပ်တည်ချက် တွေကို  တရုတ်နိုင်ငံဘက်က ဆက်လက်ပြီး ထောက်ခံနေမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

“စတင်တာ အရမ်းစောတယ်လို့ မပြောလိုက်ပါနဲ့ ဘယ်ကိုပဲသွားသွား အနီးကပ်မိတ်ဆွေတွေက ခင်ဗျားအနား ရှိနေမှာပါ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က မြန်မာကို ရည်ညွှန်းပြောဆိုထားပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဟာ မြန်မာအပေါ် နှစ်ပေါင်းများစွာ နားလည်မှုရှိရှိနဲ့ နှစ်နိုင်ငံဆက်ဆံရေးသာမက နိုင်ငံတကာအရေးမှာပါ ဆက်ဆံတဲ့အတွက် မြန်မာလူထုက အမြဲအမှတ်တရရှိနေမှာဖြစ်ကြောင်း အားတက်သရော ပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြား ရေးဝန်ကြီး က ပြောဆိုပါတယ်။

ဝန်ကြီး ဝမ်ယိက မြန်မာ့ခေါင်းဆောင်တွေက သမ္မတ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်မှာ နိုင်ငံတချို့ဟာ လူ့အခွင့်ရေး၊ ဘာသာ ရေးနဲ့ တိုင်းရင်းသားအရေးကို အကြောင်းပြပြီး ပြည်တွင်းရေးကို ရည်ရွယ်ချက်ရှိရှိ စွက်ဖက်နေကြတယ်လို့ ပြော ဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ICJ ဆုံးဖြတ်ချက်ချမယ့်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထုတ်ပြန်တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာအစိုးရတို့ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ စုစုပေါင်း ၃၃ ခု၊ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေ တယ်လို့လည်း ရှုမြင်ကြတာရှိပါတယ်။

တရုတ်ပြည်မှာနေထိုင်တဲ့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောကလည်း အဲဒီအမြင်ကို သဘောတူပါတယ်။ ဒါ့အပြင် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံဟာ (comprehensive strategic partnership) ပြီးပြည့်စုံတဲ့ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး သဘောတူညီမှုရေးထိုးထားနဲ့သက်ဆိုင်မယ်လို့ သုံးသပ်ပါတယ်။

“ကျမ တရုတ်ပြည်က ကြည့်တဲ့အခါမှာ ရှန်ကျန်းကိစ္စနဲ့ ပတ်သက်လို့ သူလည်း အတော်အပြောအဆိုခံထားရတာ ရှိတယ်။ ဝီဂါတွေနဲ့ပတ်သက်တဲ့ကိစ္စ။ ဒါကြောင့်မို့လို့ ဗမာပြည်ဘက်ကနေ ဝင်ရပ်ပေးတယ်လို့လည်းမြင်တယ်။ ဘာဖြစ်လို့ဆို သူ့နိုင်ငံမှာလည်း ဒါတွေနဲ့ပတ်သက်လို့ အပြောခံနေရတာကိုး။”

အထူးသဖြင့် တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လက်ရှိအချိန်မှာ ကြိုတင်ဆောင်ရွက်မှု (pro-active) အပိုင်းကို လက်တွေ့ကျင့်သုံးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“သူတို့နိုင်ငံခြားရေးဝါဒက pro-active ဆိုတော့ လက်ဦးမှုရယူတဲ့ နိုင်ငံခြားရေးမူဝါဒပေါ့ဗျာ”


မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်း ကလည်း ICJ  အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသာမက၊ ဂျပန်နိုင်ငံလည်း မြန်မာနိုင်ငံအတူ ရပ်တည်ကြောင်းကို ထုတ်ပြန်ကြေညာတာရှိခဲ့ကြောင်း ထောက်ပြပါတယ်။

“အထူးသဖြင့် ဂျပန်နိုင်ငံကလည်း ရက်ပိုင်းအတွင်းမှာပဲ ဖွံ့ဖြိုးရေးအကူအညီတွေပေးတာရှိတယ်လေ။ ကျနော် မြင်တာကတော့ အိမ်နီးချင်းနိုင်ငံငယ်တွေကလည်း မြန်မာဘက်က ရပ်တည်ဖို့များပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတွေဆက်ဆံရေးမှာ အကျိုးစီးပွားကိစ္စလည်းပါတာပေါ့နော်။ နောက်တစ်ခုကတော့ ကျနော်ထင်တာက
traditional ပေါ့။ သမားရိုးကျ အစဉ်အလာဆက်ဆံလာတဲ့ကိစ္စတွေလေ ဒါတွေကိုလည်း ငဲ့ညှာတဲ့သဘော ထင်တယ်”


ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံလုံးဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ထရီလီချီ၊ ဘီလီယံချီ မြှပ်နှံထားကြတာပါ။ ဒါကြောင့် အဲဒီထုတ်ပြန်ချက်တွေဟာ အကျိုးစီးပွားနဲ့ဆက်စပ်တဲ့အချက်က ပေါ်လွင်တယ်လို့လည်း သုံးသပ် ကြပါတယ်။

တရုတ်-မြန်မာ နှစ် ၇၀ ပြည့် ဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ၂၀၂၀ ကို ယဉ်ကျေးမှုအမွေအနှစ်နှင့် ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီးတော့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ တခြားအစီအစဉ် ၇၀ ကျော်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို သိသာစွာပြောင်းလဲစေရေး ရည်ရွယ်ပြီးတော့ တရုတ်-မြန်မာ အသိုင်းအဝိုင်းတည်ဆောက်ဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ ဆုံးဖြတ်ကြခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။