စစ်တွေမြို့နယ်က ရိုဟင်ဂျာ ၈၀ နီးပါး စစ်မှုထမ်းဖို့ ထပ်မံခေါ်ဆောင်ခံရ
2024.04.21

စစ်တွေမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်ဒီနေ့အထိ ဘုမေကျေးရွာ၊ ဘာဆာရာကျေးရွာနဲ့ အဲဒီရွာတွေအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်း (IDP Camp) တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ဖိအားပေးပြီး ခေါ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဘုမေကျေးရွာအနီးမှာရှိတဲ့ ရဲတပ်ရင်း (၃၆) ဂိတ်က အသွားအလာတွေကိုပါ ကန့်သတ်ပိတ်ဆို့ထားတာကြောင့် စစ်မှုမထမ်းချင်ကြပေမယ့် သွားနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေကို ကွင်းဆင်းပြီး အသံချဲ့စက်နဲ့ လှည့်လည်ပြောဆိုခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်မှုထမ်းဖို့အတွက် စစ်တပ်ဘက်က ဖိအားပေးတယ်ပေါနော်။ သိပ်မကြာခင်က ဒီလအတွင်းမှာပဲ ဘာဆာရာဆိုတဲ့ ရိုဟင်ဂျာရွာပေါ့နော်။ IDP Camp ရှိတယ်။ Camp ကနေ လူတောင်းတယ်။ ဒီကလူမပေးတော့ အဲဒီ ဘာဆာရာစံပြရွာတစ်ခုလုံးကို ပိတ်ဆို့ထားတယ်။ သုံးရက်တိုင်တိုင် ပိတ်ဆို့ထားတယ်။ ဒီဘက်က လူပေးပြီးမှ လမ်းကြောင်းတွေ ပြန်ဖွင့်ပေးတာပေါ့နော်။ မသွားချင်ကြပေမယ့် သွားနေရတယ်”
ဧပြီလအစောပိုင်းကနေ ဒီနေ့အထိ ဘာဆာရာကျေးရွာကနေ စစ်မှုထမ်းဖို့ခေါ်ယူခံရသူ ရိုဟင်ဂျာ ၃၉ ဦးနဲ့ အဲဒီကျေးရွာအနီးက IDP Camp နဲ့ ဘုမေကျေးရွာကလည်း ရှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဧပြီလ ၂၀ ရက်မနေ့ကလည်း စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာတွေဟာ (AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့ပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီရဲ့ဖိအားကြောင့် ဆန္ဒပြရတာလို့ ပြောကြပါတယ်။