မိုးကောင်းမြို့က ဖမ်းဆီးခံရတဲ့ အရပ်သားတစ်ဦး တစ်ရက်အတွင်း စစ်ကြောရေးမှာသေဆုံး

RFA Burmese
2023.08.29
မိုးကောင်းမြို့က ဖမ်းဆီးခံရတဲ့ အရပ်သားတစ်ဦး တစ်ရက်အတွင်း စစ်ကြောရေးမှာသေဆုံး စစ်ကြောရေးတွင် သေဆုံးခဲ့သည့် မိုးကောင်းဒေသခံ ဦး၀ဘော်တန်ဂွမ်းအား တွေ့ရစဉ်။
Wa Baw Tang Gun/Facebook

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ဒေသခံ အမျိုးသား တစ်ဦး ဖမ်းဆီးခံရပြီး ၂၄ နာရီတွင်းမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုလည်း မိသားစုက ပြန်လည်ထုတ်ယူခွင့်မရခဲ့ဘူးလို့  မိသားစုနဲ့ နီးစပ်သူတွေက ဩဂုတ်လ ၂၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မိုးကောင်းမြို့က အသက် ၄၀ ကျော်အရွယ် ဦး၀ဘော်တန်ဂွမ်းနဲ့အတူ သူရဲ့ ဇနီးနဲ့ သားကိုပါ ကချင် လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ခ.လ.ရ (၇၄) က စစ်ကြောရေးစခန်းမှာ စစ်ဆေးခဲ့ တာဖြစ်ပြီး ဦး၀ဘော်တန်ဂွမ်းဟာ ရိုက်နှက်စစ်ဆေးခံရပြီးနောက် ဩဂုတ်လ ၂၆ ရက်နေ့မှာ သေဆုံးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ ဇနီးနဲ့ သားကို အာမခံနဲ့ ပြန်လွှတ် ပေးခဲ့ပြီး သေဆုံးသူ အမျိုးသားရဲ့ အလောင်းကို စစ်ကောင်စီတပ်က ထုတ်ယူခွင့်မပြုခဲ့ဘူး လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ဖအေရော၊ မအေရော၊ သားကိုပါ လာခေါ် သွားတာ။ အမျိုးသား ဖြစ်သူ စစ်ကြောရေးမှာ သေသွားပြီလို့ အရင် အကြောင်းကြား လာတယ်။ နောက်မှ ၂၇ ရက်နေ့မှာမှ ဇနီးနဲ့ သားကိုလည်း အာမခံနဲ့ လာထုတ်ဖို့ ပြောလာတယ်။ သေသွားပြီဆိုတော့ အလောင်းတောင်းတော့လည်း မပေးဘူး”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်  အကြောင်းမပြန်ပါဘူး။

KIA၊ PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး မိုးကောင်းမြို့နယ်က ဒေသခံ ၃၀ နီးပါးကို အခု ဩဂုတ်လ အတွင်းမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အခြေအနေအသေးစိတ်ကို RFA က ဆက်လက်စုံစမ်းနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၈ ရက် နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် လူလေးထာင်ကျော် (၄၀၀၉ ဦး) သေဆုံးခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။