KIA နဲ့ မြန်မာအစိုးရ တိုက်ပွဲဖြစ်ပွား
2011.05.28
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) နဲ့ မန်စီမြို့အနီးမှာ နှစ်ဘက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“မနေ့က မနက် ၁ဝ နာရီ ၄၅ လောက်မှာ ဖြစ်တာ။ ပွဲကတော့ ပက်ပင်းဖြစ်တာပါ။ တိုက်ပွဲကြီး ဖြစ်တယ်တော့ မဟုတ်ဘူး။ KIA တပ်မဟာ (၃) နဲ့ တပ်ရင်း (၂၇) က တပ်စုတစုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခလရ (၁ဝ၅) တပ်ခွဲတခွဲနဲ့ ဖြစ်တာ။ နာရီဝက်လောက် အပြန်အလှန် ပစ်ကြတာ။ KIA ဘက်ကလည်း ဆုတ်သွားတယ်။ ညနေပိုင်းမှာ နှစ်ဘက်တပ်ဖြည့်တယ်။ ဗမာစစ်တပ်ဘက်မှာလည်း ခမရ (၃၉) လာဖြည့်တယ်။ KIA ကလည်း သူ့တပ်ကို အင်အားဖြည့်ပြီးတော့ ဆိုင်နေကြတာ အခုထက်ထိတော့ သေနတ်သံ ထပ်မကြားရသေးဘူး”
ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်စခန်းတွေအနီးမှာရှိတဲ့ အစိုးရတပ်တွေကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ KIA က ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာမှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
KIA အဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို ငြင်းဆန်ခဲ့အတွက် နှစ်ဘက် အခြေအနေ တင်းမာခဲ့ပါတယ်။