စစ်ကောင်စီ စခန်းလေးခုကို CNA ပူးပေါင်းတပ်ဖွဲ့ သိမ်းယူ
2024.12.01

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းလေးခုကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်က နိုဝင်ဘာ ၃ဝ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။
သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်းနဲ့ Ruavazung စခန်းတွေကို သိမ်းယူနိုင်ခဲ့တာဖြစ်ကြောင်း ချင်းဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ Voice of Chinland (VOC) မီဒီယာက ဖော်ပြပါတယ်။
စခန်းသိမ်းယူခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး CNA နဲ့ CDF အဖွဲ့တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ နိုဝင်ဘာ ၃၀ ရက်နေ့က ဆက်သွယ်ရာမှာတော့ စခန်းတစ်ခုသိမ်းထားနိုင်ပြီဖြစ်ကြောင်းနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၅၂ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း VOC သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီစခန်းတွေသိမ်းယူခံရတာနဲ့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
CNA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဟားခါး-ထန်တလန်ကြား စစ်ဆင်ရေးကို Jericho လို့ အမည်ပေးထားပြီး နိုဝင်ဘာ တတိယပတ်ကတည်းက စစ်ဆင်ရေးစတင်နေတာဖြစ်ပါတယ်။
ချင်းပြည်နယ်က မင်းတပ်နဲ့ ဖလမ်းမြို့နယ်တွေမှာလည်း နိုဝင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။