လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်း

နန္ဒာချမ်း
2020.05.12



ပုဏ္ဏားကျွန်းမြို့နယ်က အရပ်သား ၄ ယောက်နဲ့ မြောက်ဦးမြို့နယ်က အရပ်သား ၁ ယောက်ကို AA ရက္ခိုင့်တပ်တော်နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ ရေယာဉ်တစင်းပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက် ထိုးကြိတ်ပြီး မေးမြန်းနေတဲ့ ဗွီဒီယိုတခု Facebook မှာ တနင်္ဂနွေနေ့က ပျံ့နှံ့ခဲ့တာပါ။ အဲ့ဒီအကြောင်းကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီးနောက် - တပ်မတော်ကနေ မေလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဥပဒေနဲ့ မညီဘဲ စစ်ဆေးမေးမြန်းခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ဆက်လုပ်သွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှဒေသ ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ -

“ဖမ်းဆီးထားတဲ့သူတွေကို ရဲလက်ထဲက ခေါ်သွားတဲ့ ဒီလုပ်ရပ်ဟာ အင်မတန့် အင်မတန်မှ စိုးရိမ်စရာလည်း ကောင်းပါတယ်။ ဒီကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးသင့်တယ်လို့ ယူဆပါတယ်။ စုံစမ်းစစ်ဆေးမှုဟာလည်း သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ အဖွဲ့အစည်း တခုခုပဲဖြစ်ဖြစ် - ကော်မရှင်ပဲဖြစ်ဖြစ် ဖြစ်ဖို့ လိုပါတယ်။ စစ်တပ်က မဖြစ်ရပါဘူး။”


ဖမ်းဆီးနှိပ်စက်ခံထားရသူတွေဟာ တပ်မတော်က စွပ်စွဲသလို AA နဲ့ ပတ်သက်သူတွေ မဟုတ်ဘူးလို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။ သူတို့ ၅ ယောက်စလုံးကို မေလ ရ ရက်နေ့ကစပြီး အခုထိ ပုဏ္ဏားကျွန်း မြို့မရဲစခန်းမှာ ဖမ်းထားတယ်လို့ ဆိုပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကလည်း

“သက်သေအထောက်အထား အရမ်း ခိုင်လုံပြီး ငြင်းလို့မရတဲ့အတွက်ကြောင့် အရေးယူပေးရတာ။ လက်ရှိအနေအထားအရ စစ်တပ်ရဲ့ အရေးယူမှုပုံစံတွေကို လုံးဝ အယုံအကြည်မရှိဘူးပေါ့နော်။ ဘာကြောင့်ပြောရလဲ ဆိုရင် အင်းဒင်အမှုဖြစ်တယ်၊ သက်သေအထောက်အထားတွေ ထွက်လာတယ်။ တာဝန်ရှိသူတွေနဲ့ အပြစ်ကျူး လွန်သူတွေကို အရေးယူတယ်။ အရေးယူပြီး မကြာဘူး ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်။ တရားရုံး ကြားနာမှုဆိုရင်လည်း သွားရောက် လေ့လာခွင့်မရဘူး။ နောက် သူတို့ဘာသာ သူတို့ တရားစီရင်ရေး လုပ်ဆောင်နေတယ်။ ပွင့်လင်းမြင်သာမှုကတော့ သုညပဲလို့ ပြောလို့ရပါတယ်။”


လူ့အခွင့်အရေးကျွမ်းကျင်သူတချို့ကတော့ - မနက်ဖြန် ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ မှာ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခနဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေ တွေကို ဆွေးနွေးဖို့ရှိနေတာကြောင့် - တပ်မတော်ကနေ အခုလို ကြေညာချက်ထုတ်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ - အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ဘူးလို့ ပြောပါတယ်။

“လုံခြုံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အထူးကိုယ်စားလှယ်တို့ တွေ့မှာပါ။ ဗွီဒီယိုအင်တာနက်ကတဆင့် ဆွေးနွေးကြမှာပါ။ ကျနော်တို့လည်း ပါ၀င်ခွင့်မရှိဘူး။ WHO ကိစ္စတို့ ဘာတို့ကတော့ မေးနိုင်တာပေါ့။ ဒါတွေကတော့ ကျနော်တို့ဘက်ကလည်း စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ထားပြီးပြီ။ လုပ်ဆောင်နေဆဲ အဆင့် မှာပဲ ရှိတာပေါ့။ လုံခြံုရေးအခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပဲ အရှိအတိုင်းပဲ ပြောရမှာပေ့ါ။ အကျိုးသက်ရောက်မှု ဘယ်လောက်ထိ ရှိမယ် - မရှိဘူးဆိုတာကတော့ Ongoing ပဲလေ။ အထွေအထူးတော့ မျှော်လင့်လို့မရပါဘူး။ ဆုံးဖြတ်ချက်ချဖို့လည်း အလားအလာ မရှိပါဘူး။”


ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကား တိုက်ခိုက်ခံခဲ့ရပြီး၊ ဝန်ထမ်းတဦးသေဆုံးခဲ့တာကြောင့် ရခိုင်ပြည်နယ်က အခြေအနေတွေကို ဗြိတိန်နိုင်ငံရဲ့ တောင်းဆိုချက်အရ - လုံခြံုရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး လုပ်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ တနေ့တခြား တိုးလာနေတာပါ။ Phil Robertson ကတော့ - NLD အစိုးရက ထိထိ ရောက်ရောက် ကိုင်တွယ်မှုမရှိဘူးလို့ သုံးသပ်ပါတယ်။

“အမှန်တကယ်ဖြစ်နေတာကတော့ မြန်မာစစ်တပ်က ဘယ်သူ့ကိုမှ တာဝန်ခံမှု မရှိဘူးဆိုတာကို ပြသနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကလည်း စစ်တပ်က တာဝန်ခံမှုရှိအောင်လုပ်ဖို့ မကြိုးစားပါဘူး။ တကယ်တော့ သူတို့ဘက်မှာတောင် ပြောင်ပြောင်တင်းတင်း ရပ်တည်နေပါတယ်။ ဒီအတွက်လည်း လက်တွေ့မှာ ရခိုင်ပြည်သူတွေပဲ ဒုက္ခရောက်ကြရမှာပါ။ ဒီလို အပြစ်က လွတ်ငြိမ်းခွင့် ရနေသမျှ နောက်ထပ်လည်း အရပ်သားတွေအပေါ် ရက်စက်တဲ့လုပ်ရပ်မျိုးတွေ ဆက်ပြီး တွေ့နေရဦးမှာပါ။”


RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလကနေ မနေ့က မေလ ၁၁ ရက်နေ့အထိ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အရပ်သားသေဆုံးမှုက ၄၅ ဦးအထိရှိပြီး ထိခိုက် ဒဏ်ရာရမှုက ၈၇ ဦးအထိ ရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။