ပြန်လှည့်ရွာသားတွေနဲ့ ရဲပဋိပက္ခ အရေးယူတာတွေမလုပ်ဖို့ ညှိနှိုင်း


2019.08.03
pyanhlae-conflict-622.jpg ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်လို့ ဒဏ်ရာရခဲ့တဲ့ ပြန်လှည့်ရွာသားတစ်ဦးကို တွေ့ရစဉ်
Photo: Aung Htet Aung

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြန်လှည့်ကျေးရွာမှာ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို နှစ်ဘက်လုံးက မေ့ပျောက်ပြီး ပြစ်တင်အရေးယူတာတွေမလုပ်ဖို့ ပြန်လှည့်ကျေးရွာမှာ ဒေသခံတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဒေသခံတွေ ဒီနေ့တွေ့ဆုံဆွေးနွေးရာမှာ ဇူလိုင် ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်တာတွေမလုပ်ဖို့ ညှိနှိုင်းပေးခဲ့တာဖြစ်ကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက RFA ကို ပြောပါတယ်။

ပြန်လှည့်ကျေးရွာကို ဖြတ်ပြီး အုန်းတောကျေးရွာကို လျှပ်စစ်မီးသွယ်ဖို့ ဇူလိုင် ၃၁ ရက်နေ့က ဆောင်ရွက်ရာမှာ ဒေသခံတွေက တားဆီးတာကြောင့် ရဲတပ်ဖွဲ့နဲ့ ကျေးရွာသားတွေကြား ပဋိပက္ခဖြစ်ပြီး ပြန်လှည့်ကျေးရွာသား လေးဦး ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပြင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စကို အရေးယူဆောင်ရွက်တာတွေမလုပ်ဖို့ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်တဲ့ ညနေပိုင်းကစပြီး ပြန်လှည့်ကျေးရွာကို လျှပ်စစ်မီး ဖြတ်တောက်ထားတာ ဒီနေ့အချိန်အထိဖြစ်ပါတယ်။

လျှပ်စစ်မီး အမြန်ဆုံးပြန်ပေးနိုင်ဖို့နဲ့ အုန်းတောကျေးရွာကို လျှပ်စစ်မီးသွယ်တန်းတဲ့လုပ်ငန်း ဆက်လက်ဆောင်ရွက် နိုင်ဖို့အတွက် ကျေးရွာသားတွေနဲ့ လျှပ်စစ်ဌာန တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ကိုလည်း ပြောဆိုထားပါတယ်။

မနက်ဖြန်မှာတော့ ပြန်လှည့်ကျေးရွာသားတွေနဲ့ ကျေးရွာမီးလင်းရေး ကော်မတီ တာဝန်ရှိသူတွေ အုန်းတောကျေးရွာ လျှပ်စစ်မီးသွယ်တန်းဖို့ကိစ္စကို ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်တာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ပြန်လှည့်ကျေးရွာသားတွေဟာ မုံရွာ ပြည်သူ့ဆေးရုံကြီးကနေ ဒီနေ့ နေ့လယ်မှာ ပြန်ဆင်းလာပြီဖြစ်ကြောင်း ရာဘာကျည် ရှစ်ချက် ထိမှန်ခဲ့တဲ့ ပြန်လှည့်ရွာသား ဦးကြည်ထွန်းက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။