မတ် ၂၀ ရက်နေ့က မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ ဗုဒ္ဒဟူးနေ့ မနေ့မနက်ပိုင်းက ရွှေဆိုင်တခုမှာအရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးနဲ့ မြို့ခံတစ်ဦး သေဆုံးခဲ့ပြီး မိတ္ထီလာဆေးရုံကြီးမှာ ဒဏ်ရာရသူ ၂၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ RFA ကစုံစမ်း သိရပါတယ်။
မိတ္ထိလာမြို့နယ် ပြွန်ကောက်ရွာက ဦးခင်မောင်ဝင်းနဲ့ဇနီး ဒေါ်အေးနိုင်တို့ က ရွှေဆံညှပ်တခု ကို နယူးဝိန့်စိန် ရွှေဆိုင်မှာ သွားရောက်ရောင်းချရာကနေ အချင်းများကြပြီး ရွှေဆိုင်ပိုင်ရှင်နဲ့ အလုပ်သမား တဦးက ဦးခင်မောင်ဝင်းကို ထိုးကြိတ်ရိုက်နှက်ရာကနေ ဒဏ်ရာရလို့ဆေးရုံပို့ လိုက်ရပြီးတဲ့ နောက် အဓိကရုဏ်း စတင်ခဲ့တာဖြစ်ပါတယ်။
အဓိကရုဏ်းဖြစ်ပွားစဉ်အတွင်း မိတ္ထီလာမြို့မဈေးက ဆိုင်ခန်းတစ်ချို့အပြင် ဗလီကျောင်းတစ်ခု ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ မိတ္ထီလာမြို့မှာ မနေ့ညပိုင်းကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းနဲ့ သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ယဉ်မောင်းသမား ကိုသန်းမြင့်နိုင်ဆိုသူ ဖြစ်ကြောင်း အမှတ် ၂ ရဲစခန်း တာဝန်ကျအရာရှိ တဦးက RFA ကို ပြောပါတယ်။
"သန်းမြင့်နိုင်ဆိုတဲ့ ကားသမား ဆုံးသွားပါတယ်။ကွပ်ကဲရေးမှုးကတိုင်းအဆင့်လူကြီးတွေ ရောက်ပါတယ်။မြို့ပေါ်မှာ နယ်မြေခံရဲတွေနဲ့ တပ်ရင်းတွေနဲ့ လုံခြုံရေးကို ဆောင်ရွက်လျှက်ရှိပါတယ်။ပုဒ်မ ၁၄၄ ကိုည ၈ နာရီက ထုတ်ထားပါတယ်"
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို မနေ့ ညနေကရောက်ရှိလာပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။
အဓိကရုဏ်းဖြစ်ပါွးစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထိရောက်စွာနှိမ်နှင်းခြင်းမရှိခဲ့ဖူးလို့ မြို့ခံတချို့က အပြစ်တင်ပြောဆိုတာတွေလည်းရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ မြို့ခံ ဒေါ်မြင့်မြင့်အေးက-
"၁၁ လောက်ကတည်းက ဖြစ်နေတာ၊ညနေ ၅ နာရီ ၆ နာရီတုန်းက စိမ်ပြေ၊နပြေရိုက်၊မတရားဝင်၊ရဲတွေက ပြေလည်အောင် ရှင်းသင့်တာ"
ဒီအတွင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေဟာ ကိုမင်းကိုနိုင် ဦးဆောင်ပြီး မနေ့ညက မိထ္ထီလာမြို့ကို အခြေအနေတွေ ကူညီထိန်းသိမ်းဖို့ ထွက်ခွာသွားပါတယ်။ ကိုမင်းကိုနိုင်က ရာဇဝတ်မှုတခုကို လူမျိုးရေး ဘာသာရေး အဓိကရုဏ်း အသွင်ပြောင်းမယ့် ပယောဂတွေ တိုင်းပြည်မှာ ရှိနေတာကို သတိထားကြဖို့ ရန်ကုန်မြို့က မထွက်ခွာခင်မှာ ပြောဆိုသတိပေးလိုက်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုက အများကြီး အရင်းအနှီးတွေနဲ့ ပေးဆပ်ပြီးတော့ အခုမှ လမ်းကြောင်းမှန်ကို ရောက်အောင် ကြိုးစားနေတုန်းရှိပါတယ်။သက်တမ်းနုနယ်လှတဲ့ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ္ဘားကို အရောက်ခံလို့ မရပါဘူး။ဒါကြောင့် ကျွန်တော်တို့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို တားဆီးပြီးတော့ အမြန်ဆုံးလမ်းကြောင်းမှန် ရောက်အောင်လုပ်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်"
အခင်းဖြစ်ရာကို မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူ နဲ့ မိတ္ထိလာမြို့နယ် NLD ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်တို့လည်း အခု ရောက်ရှိနေပြီး တရား ဥပဒေစိုးမိုးရေးအတွက် ကူညီ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။