ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)နဲ့ (ဃ) ပြင်ဆင်ရေး ကောလင်းမှာ ဆန္ဒပြ
2014.04.27

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကောလင်းမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေထဲက ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ (ဃ)တို့ ကို ပြင်ဆင်ပေးဖို့အတွက် ကောလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ဒေသ ခံတွေ ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
ပြည်သူတွေ ပြင်ဆင်ချင်တဲ့ ပုဒ်မတွေကို လက်ရှိအစိုးရ က ပြင်ဆင်ပေးဖို့ တာဝန်ရှိတယ်လို့ ယုံကြည် ပြီး တောင်းဆိုတာဖြစ်ကြောင်း အဲ့ဒီ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးသူရက ပြောပါတယ်။
"အခုတက်တဲ့ ဦးသိန်းစိန် အစိုးရက ပြည်သူတင်မြှောက်တဲ့အစိုးရလို့ သတင်းတွေမှာပဲဖြစ်ဖြစ် သူ့ရဲ့မိန့်ခွန်းတွေမှာပဲဖြစ်ဖြစ် ပြောထားတာပေါ့ ဒါဖြင့်ပြည်သူတင်မြှောက်တဲ့ အစိုးရဟာ ကျနော် တို့ ပြည့်သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ သူတို့မှာတာဝန်ရှိတယ်လို့ ကျနော်တို့ ပြည်သူတွေက ယုံကြည်တယ်၊ အဲ့ဒီတော့ ဒါတွေဟာ ကျနော်တို့ NLD အဖွဲ့ချုပ်က ဦးဆောင်ပြီးပြပေမယ့် များသော အားဖြင့် ပြည်သူတွေက ပယ်ဖျက်ချင်တဲ့ ပုဒ်မတွေဖြစ်တယ်ဆိုတာကို သူတို့သိတို့သိအောင် ကျနော်တို့က အမြို့မြို့အနယ်နယ်တိုင်းမှာ ပြနေတယ်လို့ပဲ ယုံကြဉ်တယ်"
ကောလင်းမြို့ဒေသခံတွေအပြင် ဝန်းသို၊ ပင်လယ်ဖူး၊ ကန့်ဘလူစတဲ့ မြို့တွေက ဒေသခံတွေ စုစုပေါင်း ၅ဝဝ နီးပါး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေဟာ ကောလင်းမြို့တစ်ပတ်ပတ်ပြီး၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပြင်၊ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်မြောက်ဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။