ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မှာ နိုင်ကျဉ်းပါဝင်လှုပ်ရှားမည်


2014.06.04

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားတဲ့ လက်ကမ်း စာစောင်တွေ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က လာမယ့် ဇွန်လ ၇ ရက်နေ့ကစပြီး တစ်ပြည်လုံးအနှံ့မှာ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီလက်ကမ်းစာစောင်တွေကို မြို့နယ် အန်အယ်လ်ဒီပါတီအသီးသီးနဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့ အစည်းတို့နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဦးမြင့်အောင်က ပြောပါတယ်။

"၄၃၆ ဆိုတာ ဘာလဲဆိုတာကို ကျနော်တို့ ပါဖောမတ်မှာ ရှင်းပြထားပါတယ်၊ သက်ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတဲ့နေရာတွေကိုလည်း ကျနော်တို့ လှမ်းပြီးပို့ဆောင်ပါမယ်၊အဲ့ဒါကို ကော်ပီ လို့ပြောပြဖို့လည်း ကျနော်တို့ တိုက်တွန်းသွားပါမယ်၊ အဓိကအားဖြင့် ကျနော်တို့ရဲ့ အခြေခံလူတန်း စားတွေရှိတဲ့ နေရာတွေ လူစည်ကားရာအရပ်ဒေသတွေမှာ သက်ဆိုင်ရာ ကျနော်တို့ နိုင်ငံရေးအကျဉ်း သားများ ကွန်ယက်အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများအစည်းတွေ တခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတဆင့် ဒါတွေကို ဆထက်တံပိုးဝင်ဖို့ စီစဉ်ထား ပါတယ် "

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ဘာကြောင့်ပြင်ဆင်သင့်တယ်ဆိုတာကို အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တော်တော် များများမှာ လိုက်လံဟောပြောနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂၊ ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ပုဒ်မပေါင်း ၉၀ လောက်ကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံချက်နဲ့ ဆန္ဒခံယူပွဲ ကျင်းပပြီး မဲဆန္ဒရှင် ရာခိုင်နှုန်းထက်ဝက်ကျော်က သဘောတူမှ ပြင်ဆင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီလိုပြင်ဆင်ဖို့ ခက်ခဲတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ပြည်သူလူထုက တစ်ခဲနက်တောင်းဆိုဖို့ လိုအပ်ကြောင်းကိုလည်း လက်ကမ်းစာစောင်မှာ ဖော်ပြထားမှာဖြစ်တယ်လို့ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။