အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော့သောင်း မှာ တောင်းဆိုဆန္ဒပြ


2014.04.23
section59-305.jpg ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၁၈ အလိုမရှိ ဆိုင်းပုဒ်များကို တွေ့ရစဉ်
Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့အတွက် ဒီနေ့ တနသာၤရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ရာနဲ့ချီတဲ့ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လွှတ်တော်တွင်း တစ်ခုတည်းပြင်ဆင်ဖို့ မဖြစ်နိုင်တာကြောင့် လွှတ်တော်ပြင်ပက ပြည်သူတွေရဲ့တောင်းဆိုမှု ကို ပြသလိုတဲ့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုရ တာဖြစ်ကြောင်း ကော့သောင်းမြို့ NLD ပါတီရဲ့ မြို့နယ်ဥက္ကဌ ဦးသက်နိုင်က ပြောပါတယ်။

"အဓိကအရေးအကြီးဆုံး ပုဒ်မ ၄၃၆ အပါအဝင် ၅၉(စ)တို့၊ ၅၉(ဃ)တို့ပါ ပြင်နိုင်အောင် တောင်း ဆိုတာပေါ့၊ ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်လို့ရမယ်၊ နောက်ပြည်သူ့ဆန္ဒ ခံယူပြီးတော့မှ ပြည်သူ့ဆန္ဒ မဲပေးပိုင်ခွင့်ရှိတဲ့လူရဲ့ ထက်ဝက်ကျော် ထောက်ခံမဲနဲ့မှ ရမယ်ဆိုတော့ ဒါဟာဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ အဲဒီလိုမျိုး မဖြစ်နိုင်တဲ့အတွက် လွှတ်တော်ပြင်ပမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြင်နိုင်ဖို့အတွက် ထုတ်ဖော်ခြင်းဖြစ်ပါတယ်"

ဒီနေ့ ဆန္ဒပြပွဲကို ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ကနေ အေးမြကန်သာရပ်ကွက် ခရိုင်ပြည်သူ့ ဆေးရုံရှေ့ထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ကော့သောင်း NLD ပါတီဝင်တွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ကော့သောင်းမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။