ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်တွေ အပြီးသတ်ဆွေးနွေးဆုံးဖြတ်
2020.01.14
အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီက နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ အချက်ပေါင်း ၃၇၆၅ ချက်ကို ဆွေးနွေးဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်ကို ဥပဒေမူကြမ်း တင်ပြနိုင်ဖို့ ကြိုးစားနေတာပါ။
ဇန်နဝါရီလ ၁၃ ရက်နေ့ မနေ့က ၄၅ ဦးကော်မတီမှာ ပြင်ဆင်ဖို့ တင်ပြထားတဲ့ အချက်ပေါင်း ၃၇၆၀ ကျော်ကို အပြီးသတ် ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီနေ့ မှာလည်း အဖွဲ့၉ ခုက တင်ပြထားတဲ့ အကြံပြုချက်နဲ့ အသစ် ဖြည့်စွက်ချက် ၂၁ ချက်ကို ဆွေးနွေးခဲ့ပါတယ်။
ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ် တချို့ဟာ အစည်းအဝေးကို မတက်ရောက်နိုင်ပဲ ခွင့်ယူထားတဲ့အချိန်မှာ မဲခွဲဆုံးဖြတ်လို့ဆိုပြီး တပ်မတော်သားကိုယ်စားလှယ် သုံးဦးဟာ မနေ့ကနဲ့ ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးကို မတက်ရောက်ပဲ ကန့်ကွက်ခဲ့ပါတယ်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက တိုင်းရင်းသားအမတ်တွေ အားလုံးမပါဝင်ဘဲ မဲခွဲဆုံးဖြတ်ရတဲ့ပုံစံကို လက်မခံနိုင်တဲ့အတွက် အစည်းအဝေး မတက်ရောက်ဘူးလို့ ပြော ပါတယ်။
ကော်မတီရဲ့ စည်းကမ်းချက်ထဲမှာ အဖွဲ့ဝင် တစ်ဝက်ကျော်တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ပါပြီးဖြစ်တဲ့အတွက် ကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြောစရာမရှိဘူးလို့ သူက ပြောပါတယ်။
ဒါပေမဲ့ အခု မတက်ရောက်နိုင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်လာရင်တော့ အစည်းအဝေးကို တပ်မတော်သားကိုယ်စားလှယ်တွေဘက်က တက်ရောက်သွားမယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တချို့က ခရီးဝေးတဲ့အတွက် အချိန်မှီမရောက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ဥပဒေမူကြမ်း အတည်ပြုတဲ့ အစည်းအဝေးနဲ့ ၂၃ ရက်နေ့ စည်ပင် ဧည့်ရိပ်သာမှာ ပြုလုပ်မယ့် ဥပဒေမူကြမ်းကို အပြီးသတ် လက်မှတ်ထိုးမယ့် အစည်းအဝေးတွေကိုတော့ တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေ အစုံအလင်တက်ရောက်မယ်လို့ သူက ပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့ လက်မှတ်ထိုးပြီးရင် အခြေခံဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရုံးကို ပေးပို့သွားမယ်လို့ သိရပါတယ်။
တအာင်းပလောင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိုင်းအုဏ်းခိုင်က ကော်မတီ အစည်းအဝေးကို အချိန်မီအောင်လာခဲ့ပေမယ့် လမ်းခရီးမှာ ကြန့်ကြာခဲ့တာလို့ ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးမှာ အဖွဲ့ပေါင်း ၉ ခုက တင်ပြထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အကြံပြုချက်ပေါင်း ၂၁ ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။
အကြံပြုကြတဲ့ အဖွဲ့တွေကတော့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တာဝန်ရှိသူတွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ တရားရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ တိုင်းရင်း သားရေးရာဝန်ကြီးဌာနနဲ့ ဥပဒေပညာရှင်တွေ စတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။
ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ က ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန် ကို ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဘယ်လောက်မျှော်လင့်ထားပါသလဲလို့ မေးကြည့်တဲ့အခါ ပါဝင်နေတဲ့သူ အားလုံးရဲ့ ဆန္ဒသဘောထားအပေါ် မူတည်တယ်လို့ ပြောပါတယ်။
ဒီတကြိမ်ကျင်းပမယ့် လွှတ်တော်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ဥပဒေမူကြမ်း ၅ ခု၊ ၄၅ ဦးပူးပေါင်းကော်မတီက တင်ပြမယ့် ဥပဒေမူကြမ်း ၂ ခု စုစုပေါင်း ၇ ခုကို တပြိုင်ထဲ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်း ၁၂ မှာပါတဲ့ ပုဒ်မ ၄၃၆ က အရ ပုဒ်မတွေကို ပြင်ဆင်လိုရင် လွှတ်တော် ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်ရုံနဲ့ မရသေးပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ ပြဌာန်းထားပါတယ်။
ပုဒ်မ ၄၃၆ ခ မှာ ပြဌာန်းချက်အရ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရင် ပြင်ဆင်ရေး ဆောင်ရွက်နိုင် တယ်လို့ ပါရှိတဲ့အတွက် ၄၅ ဦးပူးပေါင်းကော်မတီက ဆန္ဒမဲပေး ဆုံးဖြတ်ထားတဲ့အချက်တွေကို ဥပဒေမူကြမ်း နှစ်ရပ်အဖြစ် လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။