သာယာဝတီနဲ့ မအူပင်ထောင်တွေမှာ အကျဉ်းသားရာချီ ကိုဗစ်ကူးနေ
2020.10.27
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းများနေတဲ့ မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲမှာလည်း ပိုးကူးစက်လာခဲ့ပါပြီ။ ဒီနေ့ထိအတည်ပြုနိုင်သလောက်ဆိုရင် ပဲခူးတိုင်း၊ သာယာဝတီထောင်နဲ့ ဧရာဝတီ တိုင်း မအူပင်ထောင်မှာ ရာနဲ့ချီတဲ့အကျဉ်းသားတွေ ပိုးကူးထားပြီလို့ သိရပါတယ်။
မအူပင်အကျဉ်းထောင်မှာဆိုရင် အောက်တိုဘာလ ၂၃ ရက်နေ့ က အကျဉ်းသားတစ်ဦး အသက်ရှု ကြပ်လို့ဆေးရုံရောက် သွားပါတယ်။ အောက်တိုဘာလ ၂ ၅ ရက်နေ့ မှာ တော့ RDT Test Kit နဲ့ စစ်ဆေးခဲ့ ပါတယ်။ အဲဒီနောက်မှာ အကျဉ်ထောင်တွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတာကို စပြီး သိခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင် က ပြောပါတယ်။
ဒါကြောင့် သူနဲ့ဆက်စပ်တယ်လို့ ယူဆရ တဲ့ သူ ၂၅၅ ယောက်ကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေး ကြည့်တဲ့အခါ ၁၀၄ ယောက် မှာ ပိုးတွေ့ခဲ့တာလို့ ဒေါက်တာသီဟအောင်က ပြောပါတယ်။
“ဒီနေ့ သူတို့ အဲဒီအဆောင်က နောက်ထပ် ထိတွေ့တယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ဝန်ထမ်း မိသားစု ထိတွေ့တယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်တွေရယ်၊ ဒါတွေ့အားလုံး ကျနော်တို့ ၁၀၅ ယောက် စစ်တဲ့အခါမှာ ၃၅ ယောက်တွေ့ပါတယ်။ Total တွက်မယ်ဆိုရင်တော့ မနေ့ကနဲ့ ဒီနေ့ နှစ်ရက် ပေါင်းပြီးတော့ စုစုပေါင်း ၂၅၅ ယောက် စစ်တာကနေ ၁၀၄ ယောက်တွေ့တာပါ ”
ပိုးတွေ့ရှိသူတွေထဲက ဝန်ထမ်းနဲ့ လွတ်ရက်စေ့တဲ့သူတွေကို နည်းပညာကျောင်းမှာ ဖွင့်ထားတဲ့ ယာယီဆေးရုံကို ပို့ထားပြီး ကျန်တဲ့သူတွေကို အကျဉ်းထောင်ထဲက သီးခြားအဆောင်မှာ ထား ကုသပေးနေတယ်လို့ ဒေါက်တာ သီဟအောင်က ပြောပါတယ်။
“ မနေ့က Positive ဖြစ်တဲ့ ၆၉ ယောက်ထဲက ခြောက်ယောက်ကို၊ ဝန်ထမ်းပေါ့၊ ဝန်ထမ်းနဲ့ လွတ်ရက်စေ့တဲ့သူ ခြောက်ဦးကို ယာယီဆေးရုံကို ပို့ထားတယ်။ ဒီနေ့ထွက်တဲ့ ၃၅ ယောက်ထဲက ၅ ယောက်ကို ကျနော်တို့ ယာယီဆေးရုံ ပို့ထားတယ်ဆိုတော့ Total ၁၁ ယောက်ကို ယာယီဆေးရုံ ပို့ထားတယ်။ ကျန်တဲ့ ၉၃ ယောက်ကိုတော့ ကျနော်တို့ သီခြား သတ်မှတ်ထားတဲ့ အဆောင်မှာ၊ အကျဉ်းထောင်ထဲမှာပဲ ထားပြီးတော့ လက္ခဏာတွေ ပေါ်ပေါက်မှုရှိ၊ မရှိ ၊ ကျနော်တို့ စစ်ပေးနေတယ်။ လက္ခဏာ ပေါ်ပေါက်လာပြီ။ အကယ်လို့ လိုအပ်တယ် ဆိုရင်တော့ ကျနော်တို့ ဆေးရုံကို လွှဲပြောင်းပြီးတော့ ကုသပေးသွားမှာ ဖြစ်ပါတယ် ”
မအူပင်ထောင် အကျဉ်းသားအရေအတွက် ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုဝင်အရေအတွက် ဘယ်လောက်ရှိတယ်၊ အကျဉ်းထောင်တွေမှာ ကူးစက်မှုထိန်းချုပ်နိုင်ဖို့ ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာ သိရဖို့ အကျဉ်းဦးစီးဌာနကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ မအူပင်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၇၂ ဦးရှိပြီး ဆေးရုံဆင်းတဲ့သူ ၁၆၀ ဦး ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
သာယာဝတီထောင်မှာတော့ ဝန်ထမ်း ၂ ယောက်နဲ့ အကျဉ်းသား ၁၅၀ ကျော် ကူးစက်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
“သာယာဝတီထောင်မှာတော့ အားလုံး ၁၆၁ ဦးပေါ့။ အဲဒီထဲမှာ ဝန်ထမ်း ၂ ဦးပါမယ်။ ကျန်တာက ၁၅၉ ဦးကအကျဉ်းသားပေါ့နော်။ ကျန်းမာရေးဌာန၊ ပြည်ထဲရေးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ပေါင်းပြီး အတတ်နိုင်ဆုံး ကုပေးနေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။”
အခုဆိုရင် ကိုဗစ်ထိန်းချုပ်ရေးအတွက်ဆိုပြီး အကျဉ်းသားတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မိသားစုတွေနဲ့တွေ့ခွင့်ပိတ်ထားလို့ အကျဉ်းထောင်တွေထဲ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းရဖို့ ခက်ခဲနေတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီးစိုးရိမ်ရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက်၊ ထောင်တွေထဲကနေ အမှုရင်ဆိုင်နေရတဲ့သူက ၁၅၀ ကျော်ရှိပြီး၊ ထောင်အပြင်ကနေ အမှုရင်ဆိုင်နေရတဲ့သူက ၃၀၀ ကျော်ရှိတယ်လို့ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
အင်းစိန်ထောင်မှာဆိုရင် အကျဉ်းသားဦးရေ တစ်သောင်းကျော်လောက်ရှိလို့ လူထူထပ်လွန်းနေတဲ့အတွက် ပြစ်မှုမကြီးတဲ့၊ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မဖြစ်နိုင်တဲ့သူတွေကို လွှတ်ပေးတာမျိုး လုပ်သင့်တယ်လို့ AAPP က တိုက်တွန်းပါတယ်။