ဖမ်းဆီးခံကျောင်းသားကျောင်း သူတွေကို ၄ ကြိမ်မြောက် ရုံးထုတ်


2015.04.23
letpadan-students-305.jpg သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ကူညီသူတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဧပြီလ ၂၃ ရက်နေ့က ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လက်ပံတန်း မြို့နယ် တရားရုံးမှာ ၄ ကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။

လာမယ့် ဧပြီလ ၃၀ရက်နေ့ကစပြီး သာယာဝတီမြို့နယ် တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးမှာဖြစ်ကြောင်း ဒီနေ့ ရုံးထုတ်မှာ ကြေညာလိုက်တယ်လို့ ဖမ်းဆီးခံထားရ သူတွေရဲ့ အမှုကိုလိုက်ပါကူညီပေးမယ့် တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော ပါတယ်။

"လုံခြုံရေးအခြေအနေအရ ရုံးပြောင်းလျှောက်တဲ့ အတွက် သာယာဝတီမြို့နယ် တရားရုံးကို ပြောင်းရွှေ့ လိုက်တယ်၊ နောက်တစ်ပတ် ၃ဝ ရက်နေ့လို့ ယူဆ ရတယ်၊ အဲ့နေ့ သာယာဝတီမှာ အမှုဆိုင်ရတော့မယ်၊ သူတို့က လက်ပံတန်း တာဆုံကနေ ဒီထဲဝင်ရတဲ့အကွာ အဝေးရယ်၊ ဖြတ်သန်းရတဲ့ လူနေရပ်ကွက်တွေရယ် အနီးနားမှာ ပြည်သူလူထုဝန်းရံမှုက အင်အားများလာတဲ့ အခါကျတော့ သူတို့လုံခြုံရေးအရ စိုးရိမ်မှုတွေရှိလာတယ်၊ အဲ့ဒါကြောင့်ပါ"

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က လက်ပံတန်းမြို့နယ်မှာ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်း သားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အင်အားသုံးရိုက်နှက်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၁၂၇ ဦးကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဲဒီအထဲက လက်ရှိကျောင်းတက်နေသူ ကျောင်းသူကျောင်းသားတွေနဲ့ လက်ပံတန်းမြို့ခံတွေအပြင် သတင်းမီဒီယာသမား ၂ဦး စုစုပေါင်း ၅၀ကို ပြီးခဲ့တဲ့ မတ်လအတွင်းက လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဖြိုးဓနတို့ကို ဗိုလ်တထောင်မြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့ကလည်း တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထပ်တိုးအမှုဖွင့်ထားပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်ထဲကို ခြင်ထောင်ပို့ခွင့်မပြုတာကြောင့် ဖမ်းခံထားရသူတွေဟာ အရေပြားယားယံတဲ့ဝေဒနာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၇၀ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။