မြန်မာနိုင်ငံကို ဂျပန်ကပေးနေတဲ့အကူအညီတွေ ရပ်ဆိုင်း
2021.03.31
မြန်မာနိုင်ငံကို အကူအညီပေးတဲ့ မူရှိပေမယ့် စစ်ကောင်စီက ပြည်သူလူထုကို အကြမ်းဖက်တဲ့အတွက် ရပ်ဆိုင်းမယ်လို့ ဗွီဒီယို အွန်လိုင်း zoom ဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်တွေက မနေ့က ပြောကြားလိုက်ပါတယ်။
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒေါ်ဖြူဖြူသင်း အပါအဝင် ဒီချုပ်ကိုယ်စားလှယ် (၇) ဦး၊ CRPH နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လက်ရှိဂျပန်အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေက အထက်နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ် ၂၄ဦး၊ EU ဥရောပသမဂ္ဂ သံအမတ်ကြီးအပါအဝင် ၁၃နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြန်မာအရေးဆောင်ရွက်နေသူ တယောက်က ပြောကြားပါတယ်။
"ဂျပန်မှာ မြန်မာပြည်ကို အကူအညီပေးဖို့ မူဆိုတာရှိတယ်။ ဒီလို စစ်ကောင်စီက အကြမ်းဖက်နေတဲ့အချိန်မှာတော့ သူတို့အနေနဲ့ အဲဒီမူအတိုင်းလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ပြောတယ်။ လက်ရှိအာဏာရ LDP လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရော၊ အဓိကအတိုက်အခံ Constitutional Democratic Party of Japan နဲ့ တခြားအတိုက်အခံ ပါတီကိုယ်စားလှယ်တွေကပါ တညီတညွတ်တည်း ပြောတာက… စစ်ကောင်စီက အခုလိုအာဏာသိမ်းတာရော လက်နက်မပါဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ပြည်သူလူထုကို ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းတာတွေရောကို သူတို့အနေနဲ့ လုံးဝခွင့်မလွှတ်နိုင်ဘူးဆိုတာကို ပြောတယ်။ ပြောပြီးတော့ ဒါတွေကိုရပ်တန့်ဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို အမြန်ဆုံးရောက်အောင်လုပ်ဖို့ ဆိုတာတွေမှာတော့ နှစ်ဖက်စလုံး လေသံတသံတည်း ထွက်တယ်"
နိုင်ငံကြီးတွေက သံအမတ်ကြီးတွေတက်ရောက်ပေမယ့် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ ဒီဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။
"တရုတ်မပါဘူး။ အီးယူနိုင်ငံတွေရဲ့ကိုယ်စား သံအမတ်ကြီးတက်တယ်။ နိုင်ငံကြီး ၁၃ နိုင်ငံက သံတမန်တွေ တက်တယ်။ တခုရှိတာက တချို့တက်တဲ့နိုင်ငံတွေက သူတို့နိုင်ငံ နာမည်ကို မထုတ်စေချင်ဘူး"
တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ဂျပန်အတိုက်အခံအမတ်တယောက်ပြောသွားတာကတော့…
"ငလျှင်လှုပ်တဲ့နေရာက ဖူကူရှီမားအမတ်ပေါ့။ သူကတော့ အတိုက်အခံအမတ်ပေါ့။ သူကဘာပြောလဲဆိုတော့ ဖူကူးရှိမားကို မြန်မာတွေက လာအကူအညီပေးသွားတာ ကျေးဇူးတင်ပါတယ်တဲ့။ သူ့နှလုံးသားထဲမှာလည်း အမှတ်တရရှိပါတယ်တဲ့။ အဲဒီလိုပြောပြီး စစ်တပ်နဲ့ ဂျပန် ဆက်ဆံရေး ရှိတယ်ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့သြဇာ မြန်မာပြည်မှာ ကြီးသွားမလား၊ စစ်တပ်အာဏာမသိမ်းခင်က ဂျပန်ကပေးဖို့ စီစဉ်ထားတဲ့ ODA တွေကို ပေးသင့်သလား၊ အဲဒါမေးခွန်းထုတ်သွားတယ်"
စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံကို အကူအညီသစ်မပေးတော့ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကလည်း ပြောပေမယ့် အီးယူနဲ့ အမေရိကန်ပြည်ထောင်စုလို စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာ မရှိသေးပါဘူး။
ဂျပန်ဟာ မြန်မာနိုင်ငံကို အကူအညီအများဆုံးပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၅ နိုင်ငံမြောက် ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်ပါတယ်။