စစ်ကောင်စီဖျက်တဲ့ ရွေးကောက်ပွဲရလဒ် ပြည်သူ့အာဏာကို မချေဖျက်နိုင်လို့ CRPH ထုတ်ပြန်
ဇူလိုင် ၂၆ ရက်နေ့က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာဟာ မူလ အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်တဲ့ ပြည်သူ့အာဏာကို မချေဖျက်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇူလိုင် ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို လူတစ်စုက တရားမဝင်ထုတ်ပြန်ရုံနဲ့ မပယ်ဖျက်နိုင်ဘူးလို့လည်း ရေးသားထားပါတယ်။
CRPH အနေနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူဘက်မှာရပ်တည်တဲ့ အနိုင်ရပါတီတွေနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု ၁၁ သန်းကျော် ရှိတယ်လို့စွပ်စွဲပြီး ပယ်ဖျက်ကြောင်းပြောထားတာပါ။
ဒါပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်အမျိုးသားပါတီ ANP စတဲ့ တခြားသောပါတီ အများစု ကတော့ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တာနဲ့ ပတ်သက်လို့ လက်မခံနိုင်ကြောင်း အတိအလင်း ပြောဆို ထားကြပါတယ်။