ရပ်ကျေး အုပ်ချုပ်ရေးမှူ ရွေး ချယ်ပုံ ပြင်ဆင်ဖို့ လူမှုအဖွဲ့ များ တောင်းဆို
2016.05.10

လက်ရှိ တည်ဆဲဥပဒေဖြစ်တဲ့ ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာပြဌာန်းထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရှုပ်ထွေးနေတဲ့အတွက် ပြင်ဆင်ပေးဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ ရဲ့ ကိုယ်စားလှယ် ၆ဦးက ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အရပ်ဘက်အဖွဲ့တွေရဲ့ သဘောထားတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ် ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ဟာ ရှုပ်ထွေးပြီး ခက်ခဲတဲ့အတွက် သင့်တော်တဲ့နည်း လမ်းတွေ ထည့်သွင်းရေးဆွဲပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ Peace on Peaceful Pluralism အဖွဲ့က ကိုသိန်းမင်းစိုး က ပြောပါတယ်။
"ပြဌာန်းချက်တွေ စံချိန်စံညွှန်း မကိုက်ညီတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ရရင် ပြီးရောကွာဆိုတဲ့ ကြီးကြပ်ရတဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းအဆင်ပြေအောင် စဉ်းစားချက်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲတွေက စံကိုက်ညီတဲ့ အုပ်ချုပ်ရေးမှူးတွေ ထွက်မလာဘူး၊ ဒါတွေ အားနည်းချက်တွေရှိနေတယ်၊ ရပ်ကွက်ကျေး ရွာအုပ်စုမှာရှိတဲ့ ဆယ်အိမ်စုမှူးရွေးချယ်တဲ့ လုပ်ငန်းအကန့်အသတ်တွေ အင်မတန်ရှုပ်ထွေးတယ်၊ လုပ်ရကိုင်ရ လည်း အင်မတန်မှခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် ဒီဥစ္စာကို တခြားသင့်တော်တဲ့ နည်းလမ်း တစ်ခုပေါ့နော် နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အရေးတစ်ရပ်ကို အသုံးချ ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်"
အရင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့အခါမှာ ဘက်လိုက်တာတွေ၊ ဆယ်အိမ်စုမှူးရွေးချယ်ရာမှာ အစီအစဉ်တကျမရှိတာတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ တချို့နေရာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ခဲ့ရတာတွေအထိ ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကြီးကြပ်ရေးအဖွဲ့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး နေရာတွေမှာ ဝင်ရောက်ရွေးချယ်ခံခွင့်ရှိဖို့၊ ရွေးချယ်ခံမယ့်သူဟာ ရပ်ကွက်အတွင်း ၁၀ နှစ် အနည်းဆုံးနေရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ၅ နှစ် ဆိုပြီး ပြင်ဆင်ပေးဖို့တို့ကို တောင်းဆိုတာဖြစ်ပါတယ်။
ကြီးကြပ်ရေးအဖွဲ့ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေရာတွေမှာ ဝင်ရောက်ရွေးချယ်ခံမယ့်သူတွေဟာ အနည်းဆုံး အသက် ၂၅ နှစ် ရှိရမယ်လို့ တည်ဆဲ ရပ်ကျေး ဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။
အဲဒီဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ၂ ကြိမ် ပြင်ဆင်ခဲ့ပါတယ်။
လက်ရှိ အမျိုးသားလွှတ်တော်မှာ အဲဒီဥပဒေကို တတိယအကြိမ် ပြင်ဆင်ပြီး လွှတ်တော်ထံ တင်သွင်းထားပါတယ်။
သတင်းစာရှင်းလင်းပွဲကို ဒါနရှေ့ဆောင်မြန်မာ၊ နယူးမြန်မာဖောင်ဒေးရှင်း၊ ညီမျှခြင်းမြန်မာ၊ ဒီမိုကရေစီ ဖံ့ွဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီနဲ့ ပေါင်းကူး စတဲ့ အရပ်ဘက်အဖွဲ့ ၅ဖွဲ့က ကိုယ်စားလှယ် ၆ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်က ဒီနေ့ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်း ဆိုလိုက်ပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်း က စုစည်းတင်ပြထားပါတယ်။