ဖားကန့်အရေး အရပ်ဘက် အဖွဲ့အစည်းတွေ ဆွေးနွေး
2016.03.18

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီတွေကို ထိန်းချုပ်ပေးဖို့နဲ့ ကျောက်မျက်အလွန်အကျွံ တူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့က အစိုးရသစ်ထံ တောင်းဆိုသွားဖို့ ဆွေးနွေးနေကြပါတယ်။
ဖားကန့်မြို့နယ်၊ မရှီကထောင်ဘုရားကျောင်းမှာ ဖားကန့်ဒေသ သယံဇာတ တူးဖော်မှုဆိုင်ရာ မူဝါဒအထောက် အကူပြု ဆွေးနွေးပွဲကို ကျင်းပနေတာဖြစ်ပါတယ်။ ရရှိလာတဲ့အချက်အလက်တွေကို အစိုးရသစ်ထံ တင်ပြတောင်း ဆိုသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်နေတဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးလတောင်က ပြောပါတယ်။
"အဓိကဆွေးနွေးတာက ကျနော်တို့ဒေသမှာ ထုတ်ယူသုံးစွဲနေတဲ့ ကုမ္ပဏီတွေရဲ့ ကျော်မျက်ရတနာ တူးဖော် မှု နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းသစ်တွေ ဘယ်လိုပေးနိုင်မလဲဆိုတာကို ဝိုင်းဝန်းဆွေးနွေးနေတာဖြစ်ပါတယ်"
ဖားကန့်ဒေသမှာ အကြီးစားစက်ယန္တရားတွေ အသုံးပြုပြီး ကျောက်မျက်တူးဖော်နေတာကြောင့် မြေသားတွေ အက်ကွဲလာတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ကုမ္ပဏီတွေက မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာတွေကြောင့် မိုးရာသီမှာ ရေကြီးရေလျှံတာတွေ မြေစာပုံပြိုကျတာတွေ မကြာခဏဖြစ်ပေါ်နေကြောင်း ဒေ သခံတွေက ဆွေးနွေးပွဲမှာ တင်ပြကြပါတယ်။
ဒါ့အပြင် ဒေသထွက် သယံဇာတတွေကနေရရှိတဲ့ အကျိုးခံစားခွင့်တွေကို ဒေသခံတွေရရှိဖို့နဲ့ ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် သုံးစွဲပေးဖို့ ဆွေးနွေးကြတယ်လို့ ဦးလတောင် က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို ၂ရက်ကြာ ကျင်းပမှာဖြစ်ပြီး MATA ခေါ် မြန်မာနိုင်ငံ တွင်းထွက်သဘာ၀ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့၊ မြစ်ကြီးနားနဲ့ ဖားကန့်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဒေသခံ လူဦးရေ စုစုပေါင်း ၄၀၀ လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ကချင်အမျိုးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးလတောင်ကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။