ကပ်ဘေးကာလ ရခိုင်နဲ့ချင်းမှာ အင်တာနက် 4G ပြန်ရဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို
2020.08.25
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာကို ကာကွယ်နိုင်အောင် ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ ဩဂုတ် ၂၅ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2G သာ ပြန်ဖွင့်ပေးထားတာကြောင့် အင်တာနက် နှေးကွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးဆိုင်ရာ သတင်းအချက်လက် ရယူနိုင်မယ့် ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ၊ လူမှုကွန်ရက်တွေကို ကြည့်ရှုဖို့ ခက်ခဲနေပါတယ်။
အာဏာာပိုင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး သတင်းအချက်လက် တွေကို လမ်းဆုံနေရာတွေမှာ ပိုစတာတွေကပ်ပြီး အသိပေးပါတယ်။
အင်တာနက်လိုင်းမိဖို့ တောင်ပေါ်၊ တောင်ကုန်းနေရာတွေကို သွားမယ်ဆိုရင်လည်း မြေမြုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တာကြောင့် မသွားရဲကြပါဘူး။ တခြားမြို့ရွာတွေလို အသံချဲ့စက်သုံးပြီး ကြေညာဖို့လည်း စစ်ဘေး သင့်ဒေသတွေမှာ အခက်ခဲရှိနေပါတယ်။ ဒါကြောင့် လူအများအပြား ကိုင်နိုင်တဲ့ တယ်လီဖုန်းမှာ အင်တာနက် သုံးခွင့်ရရင် ကိုရိုနာ အန္တရာယ်ကာကွယ်ရေး သတင်းချက်လက်တွေ လူထုဆီ ပိုရောက်နိုင်မှာဖြစ်လို့ တောင်းဆို ရတာဖြစ်ကြောင်း ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဦးစိုးနိုင်ထွန်းက RFA ကိုပြောပါတယ်။
အခုချိန်မှာ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာခက်ခဲနေတာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တာကြောင့် အသွားလာ ကန့်သတ်ခံထားရတဲ့အတွက် လက်လုပ်လက်စားတွေ ဒုက္ခရောက်နေတာကို စာနာတဲ့အနေနဲ့ ရိက္ခာနဲ့ စားသောက် ကုန်တွေကို တာဝန်ယူဆောင်ရွက်ပေးဖို့လည်း တောင်းဆိုကြပါတယ်။
ဒါ့အပြင် အရပ်သားတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရတာကြောင့် သေဆုံး၊ ဒဏ်ရာရတာတွေလည်း နေ့စဉ်ကြုံတွေ့ နေရတဲ့အတွက် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ကိုလည်း ပြောကြပါတယ်။
ဩဂုတ် ၁၆ ရက်ကစပြီး ဩဂုတ် ၂၄ ရက်ညနေပိုင်းအထိ ရခိုင်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၃ ယောက်ရှိနေပါတယ်။ အဲဒီအထဲမှာ အင်တာနက် 2G သာရတဲ့ မြောက်ဦးမြို့က သုံးယောက်၊ ဘူးသီးတောင်က လေးယောက်ပါဝင်ပါတယ်။
ရန်ကုန်အခြေစိုက် လွတ်လပ်စွာပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေ ပြန်ကောင်းအောင် ဆောင်ရွက်ပေးဖို့ ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
အင်တာနက်ကနေ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ အချိန်နဲ့တပြေးညီသိနိုင်ဖို့ အခက်အခဲ ကြုံနေရတာ၊ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုတွေရဖို့၊ ဆေးဝါးနဲ့ တခြားအထောက်အကူပစ္စည်းတွေ တောင်းခံနိုင်ဖို့၊ ကပ်ရောဂါကာလအတွင်း ကြုံရနိုင်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ငွေရေးကြေးရေး ဆိုင်ရာကိစ္စတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်သိမ်းဆွေးနွေးဖို့အတွက် အင်တာနက်ရဖို့ အရမ်း အရေးကြီးနေတာကြောင့် မြန်နှုန်းမြင့် 4G အင်တာနက်ကို ပြန်ဖွင့်ပေးဖို့ အသံအဖွဲ့က ပြောထားပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ ၂၀၁၉ ဇွန် ၂၁ ရက်ကစပြီး အင်တာနက်လိုင်းတွေ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။