ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ပိတ်ပင်ဖို့ မြန်မာ စစ်သံမှူး တောင်းဆို


2017.07.20
cssu-620.jpg ၂ဝ၁၇ မေလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေး ကျင်းပခဲ့စဉ်
Photo: RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပဖို့ စီစဉ်ထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကို ပိတ်ပင်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော်က တောင်းဆိုတဲ့အတွက် ထိုင်းအာဏာပိုင်တွေ က အစည်းအဝေးမကျင်းပဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်- မနေ့ညနေပိုင်းမှာ ထိုင်းအမှတ်- ၃ တိုင်း တာဝန်ရှိသူတွေက တားဆီးခဲ့တာလို့ CSSU အဖွဲ့ ဝင်ဖြစ်တဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းဘိုးအောင်က RFA ကို ပြောပါတယ်။

“ပိတ်ပင်တယ်ဆိုတဲ့အကြောင်းကို အဲဒီထိုင်း တိုင်း ၃ အဲဒီကနေ အကြောင်းကြားတာ။ အဓိကတော့ နှစ်ချက်ပေါ့။ တချက်ကတော့ ကျနော်တို့ ဒီ CSSU အခုလုပ်မယ့်အစည်းအဝေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆန့်ကျင်တယ်နေ တယ်ဆိုပြီးတော့ တချက်၊ နောက်တခါ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းကလည်း ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်၊ အဲဒီနှစ်ချက်နဲ့ ထိုင်းကနေတဆင့် အစည်းအဝေးကျင်းပခွင့် ပိတ်ပင်ပေးဖို့ ဆိုပြီးတော့ စစ်သံမှူး ကနေပြီးတော့ တောင်းဆိုတယ်လို့ ကျနော်တို့ကို အကြောင်းကြားတာပေါ့။ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့စစ်သံမှူး ဗိုလ်ချုပ်ခင်ဇော် ဆိုပြီးတော့”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် တယ်လီဖုန်းလက်ခံပြီး ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်း ရာမှာတော့ သံမှူးဦးစန်းယုကျော်က သူတို့မသိရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ ဒီချင်းမိုင်ကောင်စစ်ဝန်ရုံးကတော့ မသိဘူးခင်ဗျ။ ကျနော်တို့ ဘာမှညွန်ကြားချက်တွေ၊ နောက်တခါ သတင်းပေးတာတွေ ဘာမှမရှိဘူးခင်ဗျ။ ဟုတ်ကဲ့။ စစ်သံမှူးရဲ့နာမည်က ဗိုလ်မှူးချုပ်ခင်ဇော် ခင်ဗျ”

ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ဒီအစည်းအဝေးမှာ တရားမဝင် အဖွဲ့အစည်းတွေ၊ မြန်မာ့အရေးကို ရှုတ်ထွေးအောင်လုပ်ဆောင်မယ့် နိုင်ငံခြားသားတွေ ပါဝင်နေတဲ့အတွက် ပိတ်ပင်ပေးဖို့ မြန်မာစစ်သံမှူးက တောင်းဆိုလာတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မတ်လတုန်းကလည်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အစည်းအဝေးကို ပိတ်ပင်ခဲ့ပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အဖွဲ့ဟာ ရှမ်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတွေကို ကြိုးပမ်းသွားဖို့နဲ့၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ထိုင်းမြန်မာနယ်စပ် တစ်နေရာမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ CSSU အဖွဲ့ ဥက္ကဋ္ဌအဖြစ် RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။