မုန်တိုင်းကြောင့် စစ်ဘေးဒုက္ခသည် ၈၀ ကျော် အကူအညီလိုနေ
2024.06.08

ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီဆွာကျေးရွာ စစ်ဘေးဒုက္ခသည်စခန်းက နေအိမ် ၂၀ နီးပါး ရေထဲမျောပါပျက်စီးခဲ့ရပြီး ချင်းလူမျိုး ဒုက္ခသည် ၈၀ ကျော် အခက်ကြုံနေရပါတယ်။
လက်ရှိမှာ နေထိုင်ရေးနဲ့ စားရေး၊ သောက်ရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ ပလက်ဝမြို့နယ် လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ခံ ဆလိုင်းစိုးသန်းက RFA ကိုပြောပါတယ်။
“စုစုပေါင်း အိမ်ခြေ ၁၈ ဆောင်ပေါ့၊ လူဦးရေကတော့ ၈၁ ဦးလောက်က လတ်တလောမှာ စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေရှိလာတယ်၊ ရေထဲမှာ ပစ္စည်းတွေလည်း ပါသွားတဲ့အခါကျတော့ ကျွန်တော်တို့လိုအပ်တာက သူတို့ရဲ့စားဝတ်နေရေးနဲ့ နေရာထိုင်ခင်းကတော့ မပြေလည်သေးဘူး။“
အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာတွေကနေ အဲဒီဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်နေတဲ့ လူဦးရေ ၅ဝဝ ကျော်ရှိပြီး အိမ်ခြေ ၁၂၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
နေ့စဥ်ဝင်ငွေလည်း မရှိကြတာကြောင့် ရေဘေးသင့်သူတွေအပြင် တခြားစစ်ဘေးရှောင်နေကြသူတွေပါ စားသောက်ရေး ခက်ခဲနေရတယ်လို့ ဆလိုင်းစိုးသန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မြန်မာနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆိုင်ကလုံးမုန်တိုင်း Remal ဝင်ရောက်ခဲ့ပြီး မိုးကြီး၊ မြေပြိုတာတွေကြောင့် လူသေဆုံးတာတွေ ရှိခဲ့ပါတယ်။
ကာကီဆွာစစ်ဘေးရှောင်စခန်းဟာလည်း မီဇိုရမ်ပြည်နယ်က ကုလားတန်မြစ်ရဲ့ ချောင်းဖျားဘေး မြစ်ကမ်းနားမှာ ရှိတာကြောင့် မုန်တိုင်းဝင်ချိန်မှာ မိုးကြီးပြီး မမျှော်လင့်ဘဲ နေအိမ်တွေ ရေထဲမျောပါခဲ့တာ ဖြစ်ပါတယ်။