ဆိပ်ကမ်းမြို့နယ် အိမ် ၁၅ဝ ကျော် အိုးအိမ်ဦးစီးဌာနက ရှင်းလင်း
2016.01.23

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး ရပ်ကွက် လေးခုက မြေဧက ၁၉ဝ နီးပါးမှာရှိတဲ့ နေအိမ် ၁၅ဝ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက နေထိုင်ခွင့် မပေးတော့ပဲ ဒီနေ့ လူအင်အား တစ်ထောင်လောက်သုံးပြီး ခြံစည်းရိုးခတ်လိုက်ပါတယ်။
အစိုးရက အစားထိုးမြေနေရာနဲ့ နစ်နာကြေးမပေးဘဲ လယ်ယာမြေတွေနဲ့ နေအိမ်တွေ ဖယ်ရှားခဲ့ တာကြောင့် ရွှေ့ပြောင်းစရာနေရာမရှိဘဲ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ နေအိမ်ဖျက်ပေးခဲ့ရ တဲ့ ဒေါ်သိန်းမြင့်က ပြောပါတယ်။
"အခုလည်းပြောပြပြီးပြီ အစိုးရစီမံကိန်းတဲ့ နိုင်ငံတော်စီမံကိန်းတဲ့၊ နိုင်ငံတော်စီမံကိန်းဆိုရင် ဘာလုပ်မှာလဲ၊ ဥပမာပေါ့ ပြည်သူတွေအတွက်ကောင်းကျိုး ဆေးရုံသော်လည်းကောင်းပေါ့နော် ၊ ကျောင်းသော်လည်းကောင်း အဲ့ဒီလိုဆောက်မယ်ဆိုရင် တစ်မျိုးပေါ့၊ အခုတော့ ဘာမှမပြောပဲနဲ့ ခရိုနီတွေနဲ့ပူးပေါင်းပြီး အန်တီတို့ပေါ် ရက်ရက်စက်စက် လုပ်ကြတာပေါ့နော်၊ ပထမတုန်းကလည်း လမ်းလုပ်မယ်ဆိုလို့ ဗူးခင်းလေးတွေကို အန်တီ ဖျက်ဆီးခံလိုက်ရတယ်၊ အခုက နေအိမ်ပါ ထပ်ပြီးဖျက်ဆီးခံရတယ်၊ နောက်ဆုံးသူတို့က မဖျက်ပေးရင်တောင်မှပဲ သတ်မယ့်ပုံစံမျိုးကြီးတွေ၊ အန်တီတို့မှာ အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်းခြင်းလည်း မစားရဖြစ်နေတယ်၊ အခုလည်းကြည့် အန်တီတို့ ဘယ်ကိုပြောင်းမလဲ၊ အန်တီတို့မှာ ပြောင်းစရာနေရာမရှိဘူး"
အခုသိမ်းယူခဲ့တဲ့ မြေနေရာတွေမှာ နေထိုင်သူအများစုဟာ ၁၉၉ဝ ခုနှစ်လောက်က စတင်နေထိုင်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အစိုးရဘက်က လယ်မြေ ၁ ဧကကို သိန်း ၅ဝ နစ်နာကြေးပေးဖို့ လယ်ယာမြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းတာတွေရှိခဲ့ပေမယ့် ဒီနေ့ထိ လျော်ကြေးပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ကတော့ အဲ့ဒီမြေနေရာတွေမှာ နိုင်ငံတော် စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ဖယ်ရှားခံရသူတွေကို လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားတွေ စစ်ဆေးနေပြီး လာမယ့် အစိုးရသစ်လက်ထက်မှသာ လျော်ကြေးပေးနိုင် မှာဖြစ်ကြောင်း ပြောပါတယ်။
"အကြမ်းမျဉ်းတော့ ဧက ၂၉ဝ ပေါ့ နေနေတာပေါ့နော်၊ တဲထိုးတာတွေ၊ နေရာယူထားတာတွေ၊ ခြံစည်းရိုးခတ်ထားတာတွေ၊ နေခွင့်မရတဲ့နေအိမ်တွေကို ကျနော်တို့ ဖယ်ရှား တာဖြစ်ပါတယ်ဗျ၊ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှ လျော်ပေးရမယ်ဆိုတာ လမ်းညွန်ချက်ရှိနေမှပါ၊ လက်ရှိအနေအထားတော့ ဘတ်ဂျက်ကလည်း ပိတ်သွားပြီပေါ့ဗျာ၊ ဒီလယ်ကို ဓါးမဦးချလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေရှိတာပေါ့၊ စိစစ်နေတာနဲ့တင်ပဲ တစ်ယောက်နဲ့တစ်ယောက် သူပိုင်တယ် ငါပိုင်တယ် ကန့်ကွက်ကြ၊ အဲ့ဒီမှာတင် အဖြေကမရဘူး၊ ဘယ်သူပိုင်မှန်းမသိဘူးဖြစ်တယ်၊ အဲ့ဒါနဲ့ပဲ ကျနော်တို့ လျော်ကြေးပေးမယ့်ကိစ္စ ခရီးမရောက်ခဲ့ဘူး၊ မရောက်ခဲ့တော့ နောင်အစိုးရ ဆက်ပြီးတော့ လုပ်ရမယ့်သဘောတော့ ယူဆတယ်"
ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၁၊ ၇၃၊ ရ၄ နဲ့ ၉၃ ရပ်ကွက်တွေက နေအိမ်တွေကိုဖယ်ရှားပြီး တန်ဖိုးနည်း အိမ်ယာ၊ တန်ဖိုးလတ် အိမ်ယာ၊ အငှားအိမ်ယာနဲ့ ဟိုတယ်စတဲ့ စီမံကိန်း လေးခုကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲ့ဒီ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကုမ္ပဏီ ၁၃ ခုကို တင်ဒါစနစ်နဲ့ လုပ်ပိုင်ခွင့်တွေ ချပေးထား ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီမံကိန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေ ပူးပေါင်းပြီး စုစုပေါင်း လူအင်အား ၁ဝဝဝ လောက်နဲ့ အင်အားသုံးပြီး ခြံစည်းရိုးခတ်ခဲ့တာဖြစ်ပါတယ်။