မဲပေးကြဖို့ အသက် ၇ဝ ပြည့်မွေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2015.06.19

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်းမဲပေးကြဖို့ အရေးကြီးကြောင်းနဲ့ အဲဒီနေ့မှာ မဲပေးခွင့် ရှိသူတိုင်းဟာ နိုင်ငံတော်သမ္မတနဲ့ တန်းတူအခွင့် အရေးရတဲ့ နေ့လည်းဖြစ်တယ်လို့ အသက် ၇ဝ ပြည့်မွေးနေ့ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇ဝ ပြည့်မွေးနေ့အခမ်းအနားကို နေပြည်တော်လွှတ်တော် မှာ ကျင်းပခဲ့ရာမှာ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူတိုင်း မဲပေးကြဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကိုယ့်နိုင်ငံရဲ့အနာဂတ် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ချက်ပေးတဲ့ မဲတစ်ပြားပဲ၊ ကိုယ့်မဲတိုင်း မဲတိုင်းဟာ အရေးကြီးတယ်ဆိုတာကို သဘောပေါက် ရမယ်၊ အန်တီရိုးရိုးလေးဘဲရှင်းပြမယ်၊ မဲတစ်ပြားရဲ့ အရေးပါပုံဟာ မဲပေးတဲ့နေ့မှာ ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့အခါ လူတိုင်း လူတိုင်းဟာတန်းတူပဲ၊ လူတိုင်း လူတိုင်းဟာ သမ္မတနဲ့တန်းတူပဲ၊ သမ္မတကြီးကိုယ်တိုင် မဲတစ်ပြား ပဲပေးလို့ရတယ်၊ အဲတော့ လမ်းဘေးမှာ အိမ်ယာအတည်မရှိတဲ့သူတောင်မှ နိုင်ငံသား တစ်ယောက်ဖြစ်တယ်၊ ၁၈ နှစ်ကျော်တယ်၊ သူ့မှာမဲပေးပိုင်ခွင့် ရှိလို့ မဲပေးတယ်ဆိုရင် သမ္မတကြီးနဲ့တန်းတူ အခွင့်အရေးရတယ်၊ ဒီလိုအခွင့်အရေးမျိုးဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှရတယ်"
ဒါ့အပြင် သူ့မွေးနေ့မှာ လက်ဆောင်ပေးချင်သူတွေအနေနဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ကိုလည်း ပြောခဲ့ပါတယ်။
မဲပေးခွင့်ရှိသူစာရင်း မှားယွင်းနေတာတွေကို ပြင်ဆင်နိုင်ဖို့အတွက် အန်အယ်လ်ဒီပါတီက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေ သလို မဲပေးခွင့်ရှိသူတွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါ သွားကြည့်ကြ ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
မဲပေးခွင့်ရှိသူစာရင်း မှားယွင်းနေတာတွေကို ပြင်ဆင်နိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို မဲပေးခွင့်ရှိသူတွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါသွားကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
AFP သတင်းမှာတော့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတ ဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားတဲ့ အခြေခံဥပဒေပါ အချက်တွေ ပြင်ဆင်ရေးအတွက် အချိန်မရှိသလောက်ဖြစ်နေကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ စောင့်ဆိုင်းနိုင်ခြေ ရှိ်ကြောင်း လေ့လာ သူတချို့ ပြောဆိုကြတယ်လို့ ဖေါ်ပြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးက စိုးရိမ်စရာ ဖြစ်ပေမဲ့၊ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အလွန်ကောင်းမွန်တယ်လို့လည်း ဖေါ်ပြပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာကို ဆက်ခံမယ့်သူ မရှိသေးဘဲဖြစ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ ရှိနေပေမဲ့၊ လက်တွေ့မှာ အစစ အရာရာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်စရာ လူမရှိဘဲဖြစ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အတ္တုပတ္တိရေးသားခဲ့သူ Peter Popham က ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက်မွေးနေ့ ဆုတောင်းစကားသံတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်ကနေ တိုင်းပြည်ကိုအုပ်ချုပ်နိုင်မယ့် ထိပ်ပိုင်းခေါင်းဆောင်သမ္မတဖြစ်ဖို့အတွက် လူထုရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို RFA အဖွဲ့သူမသင်းသီရိ တင်ပြ ထားတာကိုလည်း နားဆင်နိုင်ပါတယ်။