ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး
2014.04.21

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲအကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလို ပြောပါတယ်။
" အဓိကကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တဲ့နေရာမှာ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေကို အဓိကထားပြီး ဆွေးနွေးကြပါတယ်၊ ဒီအစည်းအဝေးရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးတော့ ရရှိလာတဲ့ အချက်အလက်တွေကို အန်တီဘက်ကလည်း သူက လာမယ့် CEC အစည်းအဝေးမှာ တင်ပြပါလိမ့်မယ်၊ အဲ့ဒီ CEC မှာ တင်ပြပြီးတဲ့အခါမှာ အဲ့ကအတည်ပြုချက်ယူပြီးတဲ့အခါမှာ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံပါမယ်၊ အဲ့လို တွေ့ဆုံပြီးတဲ့အခါမှာပဲ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို အတည်ပြုနိုင်မှာဖြစ်ပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံ ပြဌာန်းချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ရဲ့ ထောက်ခံမှုရှိရမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ ၅၀% ကျော် ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆန္ဒပြကြတဲ့နည်းလမ်းနဲ့ မဟုတ်ဘဲ တခြားငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်း ရှာကြတာလို့သိရပါတယ်။
အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ပူးတွဲကြေညာချက် ၂ စောင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။