သမ္မတဦးသိန်းစိန်အနေ နဲ့ ပြောင်းလဲမှုကို သက်သေပြဖို့ ဒေါ်အောင်ဆန်း စုကြည်ပြောဆို
2013.05.22

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်း လဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြော ကြားလိုက်ပါတယ်။
"ပြောစကားတွေထက် အလုပ်ကို နည်းနည်းပြဖို့လိုလာပြီလို့ ထင်ပါတယ်၊ ဘာပဲပြောပြော ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ အခု ၃ နှစ်ပြည့်တော့မယ်၊ ၃ နှစ်ဆိုတာဟာ ရေတိုပဲ၊ အဲတော့ ရေတိုအကျိုး စီးပွားတွေကို မြင်ဖို့လိုလာပြီ၊ ရည်ရွယ်ချက်တို့ လုပ်ချင်တာတို့ ပြောတာကတော့ ဟုတ်ပါပြီ၊ အခုကျတော့ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ခဲ့လဲဆိုတာ ကို ပြဖို့အချိန် ရောက်လာပြီလို့ ထင်ပါတယ်"
အမေရိကန်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးပို့ သူ့အနေနဲ့ ထောက်ခံပြောဆိုတော့မှာ မဟုတ်ဖူး၊ ပိတ်ဆို့မှုတွေကို ဆက်ထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပျက်စေမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က-
"ဒီကိစ္စလဲ မစ်ချ် မက်ကောနယ်လ် တို့နဲ့လည်း ဆွေးနွေးပါတယ်၊ ပိတ်ဆို့မှုတွေကို ဖယ်ရှားတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း တကယ့်ပြုပြင်ပြောင်းလဲရေးရဲ့ ရလဒ်တွေဆိုတာကိုတော့ ပြည်သူတွေ မခံစားရသေးပါဘူး၊ အဲဒီဟာတွေကတော့ ခံစားလို့ရအောင်လုပ်ဖို့ မြန်မာနိုင်ငံအစိုးရမှာ လိုနေသေးတာကို ကျမထောက်ပြပါတယ်"
တရုတ်ခါင်းဆောင်တွေက NLD ကိုယ်စားလှယ်အဖွဲ့ကို မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ချင်တဲ့အကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ အဲဒီကိစ္စဟာ သူတို့ပါတီနဲ့ သက်ဆိုင်တဲ့အချက်မဟုတ်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ဒီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ဆိုရင် အခုအစိုးရကနေ ပြောရမှာလို့၊ ဘာဖြစ်လို့ ကျမတို့ ကိုယ်စားလှယ်တွေကို ပြောတာလဲလို့၊ ကျမတို့ ကိုယ်စားလှယ်တွေက လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါသမ္မတ ဦးသိန်းစိန်နဲ့ ဆိုင်တဲ့ကိစ္စပဲ၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြောပေ့ါ"
ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အခုအချိန်ထိ ပွင့်လင်းမှုမရှိဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။