ဒေါ်အောင်ဆန်းစုကြည် အမှုတချို့ အမိန့်မချဖြစ်ဘဲ ရက်ရွှေ့ဆိုင်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက အမှုနှစ်ခုကို ဒီနေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ ချိန်းဆိုခဲ့ပေမယ့် ဒီဇင်ဘာ ၂၇ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို ဝင်ရောက်စီးနင်းစဉ်မှာ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jammer (ဆက်သွယ်ရေးလိုင်း ဖြတ်တောက်စက်) တစ်စုံ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ - ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ နဲ့ စွဲထားတဲ့ အမှုတွေ ဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ - ၈ ဟာ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၇ ဟာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
အဲဒီဆက်သွယ်ရေး ပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကနေ သိမ်းဆည်းရမိတာ မဟုတ်တဲ့ အကြောင်း ရှေ့နေတွေက ပြီးခဲ့တဲ့ ဇွန်လက ရုံးချိန်းတစ်ခုမှာ ခုခံချေပခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “ကျမ ဒီပစ္စည်းတွေကို တစ်ခါမှမသုံးဖူးဘူး။ ကျွန်မအိမ်ပေါ်ကလည်း မိတာမဟုတ်ဘူး ” လို့ ရုံးချိန်းတစ်ခုမှာ သူ့ရဲ့ရှေ့နေတွေကို ပြောဆိုဖူးပါတယ်။
ဒီနေ့ရုံးချိန်းမှာပဲ သဘာဝဘေးစီမံ ဥပဒေပုဒ်မ (၂၅) အမှုအတွက် မန္တလေး အိုးဘိုထောင်ထဲ အကျဉ်းကျ ခံနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင် ကို သက်သေအဖြစ် လူကိုယ်တိုင်လာရောက်ထွက်ဆိုခွင့် မပေးဘဲ အွန်လိုင်းဗီဒီယိုစနစ်နဲ့သာ သက်သေထွက်ဆိုဖို့ တရားရုံးက အမိန့်ချပါတယ်။
အဲဒီအမှုဟာ ၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗုသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်ကို လာစဉ် လူစုလူဝေးဖြစ်လို့ ကိုဗစ်စည်းကမ်းနဲ့ မညီလို့ စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။
အဲဒီအထဲက သဘာဝဘေးစီမံဥပဒေ ပုဒ်မ - ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက နှစ်နှစ် ပြန်လျှော့ပေးထား ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှုနှစ်ခုနဲ့လည်း ထပ်တိုး အရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။
အဲဒီနှစ်မှုကို တရားရုံးမှာ စွဲတင်ခံရရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက တရားရုံးတင် စွဲဆိုတဲ့ အမှုပေါင်း ၁၃ မှုအထိ ရှိလာမှာဖြစ်ပါတယ်။
အမှုတွေအားလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ စုစုပေါင်း နှစ်ပေါင်းတစ်ရာကျော် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။