ဒေါ်အောင်ဆန်းကြည် စွပ်စွဲခံရတဲ့ အမှုအားလုံး အပြီးသတ် လျှောက်လဲတော့မည်
2022.12.20

ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုကို ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေငါးဦးအနက် နောက်ဆုံးတစ်ဦးကို ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့ရုံးချိန်းမှာ စစ်ဆေးပြီးစီးခဲ့တာပါ။
ဒါကြောင့် နောက်ရုံးချိန်းမှာ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲချက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
အပြီးသတ်လျှောက်လဲချက်နဲ့ အမိန့်ချမယ့် ရုံးချိန်းနှစ်ခုသာ ကျန်တော့တဲ့အတွက် အမှုအားလုံး ပြီးပြတ်တော့မယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေပြောပါတယ်။
လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုငါးမှု ဖြစ်ပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ရဟတ်ယာဉ် ဝယ်ယူ၊ငှားရမ်းတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စွဲဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်က ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ခဲ့တာဖြစ်လို့ သူ့မှာ အပြစ်မရှိကြောင်း နိုဝင်ဘာ ၂၂ နဲ့ နိုဝင်ဘာ ၂၈ ရက် တရားရုံးချိန်းတွေမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။
အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ မှုနဲ့ တရားစွဲခံခဲ့ရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။ ကျန်နေတဲ့ အမှုငါးခုကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။