အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်း စုကြည် ဝေဖန်


2014.12.24
dassk-parliament-305.jpg လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ အဆောင် ( I - 12 ) ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်များ တွေ့ဆုံစဉ်
photo: RFA/ Win Naung Toe

လက်ပံတောင်းတောင်ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာ သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို ဘယ်လိုအခြေအနေမျိုးမှာမှ အခုလိုပစ်ခတ်ရန် အကြောင်းမရှိပါဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

RFA ကတင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုပြောဆိုခဲ့တာဖြစ် ပါတယ်။ လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ပျက်ကွက်တဲ့အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။

"လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့လို့ ဒီလိုဖြစ်တာပေါ့၊ ဖြစ်ပြီးမှ လျော်ကြေးပေးတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်က ဘယ်လိုလျော်ကြေးနဲ့တန်ပါ့မလဲ၊ တန်ဖိုးဖြတ်လို့မှမရတာလေ လူတစ်ယောက်ရဲ့အသက်ကို"

ရှေ့လာမယ့်နှစ်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မေးမြန်းရာမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင် ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်ရေးနဲ့ မျှတလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်ရေးအတွက် ဆက်လက် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေရှိမယ်၊ ဒီဖွဲ့စည်ပုံအခြေခံ ပြုပြင်ပြောင်းလဲရေးရော၊ ဒီနှစ်နောက်ပိုင်းမှာ လာမယ့်ရွေးကောက်ပွဲရော အားလုံးချောမွေ့ဖို့ဆိုလို့ရှိရင်တော့ တကယ့်ကိုဆွေးနွေးသင့်တဲ့သူတွေက ထိထိရောက်ရောက် ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ကိုလုပ်ရမယ်"

ဒါ့အပြင် လာမယ့်နှစ်မှာ ပြည်သူလူထုအားလုံး တာဝန်ကျေပွန်ကြရင် မြန်မာနိုင်ငံဟာ ကြိမ်းသေမုချ တိုးတက် မှာဖြစ်တယ်လို့လည်း နှစ်သစ်ကူးစကားလက်ဆောင်ပါးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။