ဒေါ်အောင်ဆန်းစုကြည် ဒုတိယ အကြိမ် မျက်လုံးခွဲစိတ်
2016.04.16

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးမှာ ဒီနေ့ ဒုတိယအကြိမ် မျက်လုံးခွဲ စိတ်ကုသမှုခံယူခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်ဘက်မျက်လုံးအတွင်းတိမ်ကို တစ်နာရီခွဲကြာ ခွဲစိတ်မှုခံယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဆေးရုံက ဆင်းသွားပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"ပထမခွဲထားတဲ့မျက်လုံးကလည်း ကောင်းကောင်းအသုံးပြုလို့ရနေပြီ၊ အခုနောက်တစ်လုံးခွဲတာလည်း အဆင်ပြေပါတယ်၊ အောင်အောင်မြင်မြင်နဲ့ ပြီးသွားတယ်၊ ခဏနားပြီးတော့ ချက်ချင်းပြန်ပါတယ်၊ သူ့လည်းကောင်းနေတဲ့ အတွက်ကြောင့် အိမ်ကိုပြန်သွားပါတယ်၊ အိမ်မှာပဲနားနေပါမယ်"
အထူးကုဆရာဝန်ကြီးတွေရဲ့အကြံပြုချက်အရ မျက်လုံးကို ရက်အနည်းငယ် အနားပေးထားရမှာဖြစ်ကြောင်းနဲ့ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေ၊ သူနာပြု ဆရာမတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ဆုမွန်ကောင်းတောင်းကြ တဲ့ ပြည်တွင်း ပြည်ပက ပုဂ္ဂိုလ် အားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ကြေညာ ချက်မှာ ဖေါ်ပြပါရှိပါတယ်။
နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတွေက ဆေးရုံအနီးမှာ လုံခြုံရေးဆောင်ရွက် ပေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း လာရောက်စောင့်ကြည့်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ပထမအကြိမ် ညာဘက်မျက်လုံးကို ခွဲစိတ်ကုသခဲ့ ပြီးနောက် ဘယ်ဖက်မျက်လုံးကို ဒီကနေ့ ခွဲစိတ် ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။