ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ကန့်ကွက်ချက် ပယ်ချခံရ
2022.02.18

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အရာရှိရဲ့ စွပ်စွဲချက်တချို့ကို အကျိုးဆောင်ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အရင်တစ်ပတ်ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အရာရှိ ဦးအောင်ခန့်က တရားရုံးမှာ စွပ်စွဲချက် စာရွက်စာတမ်းတချို့ တင်ပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီကန့်ကွက်မှုကို ကြားနာဖို့ တရားရုံးက ဒီနေ့ကို ချိန်းဆိုခဲ့တာပါ။
ဒီနေ့ရုံးချိန်းမှာတော့ တရားရုံးက တရားလိုရဲ့ စာရွက်စာတမ်းတင်ပြမှုကိုလက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေရဲ့ တင်ပြချက် ပယ်ချခံရတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာလည်း တရားလိုကပဲ ဆက်လက်ထွက်ဆိုခဲ့ပြီး ဒီနေ့ထွက်ဆိုချက်တစ်နေရာ မှာလည်း တရားလိုက အလားတူ စာရွက်စာတမ်းတချို့ကို ထပ်မံတင်သွင်းခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ထပ်မံကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ကန့်ကွက်မှုကို ကြားနာဖို့အတွက်ကတော့ နောက်တစ်ပတ် သောကြာနေ့ ရုံးချိန်းဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေကို ပြောဆိုခွင့် ပိတ်ပင်ထားတဲ့အတွက် တရားလိုဘက်ကတင်ပြတဲ့ စာရွက်စာတမ်းနဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပါဘူး။
အခုစစ်ဆေးနေတဲ့ အမှုနှစ်ခုဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ စွဲဆို ထားတဲ့အမှုတွေဖြစ်ပါတယ်။
ဒီအမှုတွေဟာ NLD အစိုးရလက်ထက် ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။