ဦးဆောင်မှုကဏ္ဍ အကြောင်း ဒေါ်အောင်ဆန်း စုကြည် စင်္ကာပူမှာဟောပြော
2013.09.23
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့က စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်မှာ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှုရဲ့ အဓိပ္ပါယ်နဲ့ ဝိသေသတွေ၊ ခေါင်းဆောင်တို့ရဲ့ ရှိသင့်ရှိအပ်တဲ့ အရည်အချင်းတွေ၊ ဦးဆောင်သူနဲ့ အမိန့်ပေးသူ မတူကွဲပြားပုံတွေအကြောင်း ဟောပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့ရေးအလားအလာနဲ့ ပတ်သက်ပြီး၊ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ နောက်ပြန်လျောကျမသွားနိုင်ဘူး၊ စစ်အုပ်ချုပ်ရေးဆီ ပြန်လှည့်မသွားဘူးလို့ အာမမခံနိုင်ပါဘူး၊ ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး အရေးကြီးတယ်လို့ ပြောနေရတာပါ၊ အရပ်ဘက်အုပ်ချုပ်ရေးမှာ စစ်တပ်က ဝင်မစွက်နိုင်အောင် ကာကွယ်တဲ့နေရာမှာ ပထမခြေလှမ်းအဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုမရေရာတဲ့ အခြေအနေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုတ်မသွားဘဲ၊ ဆက်လက်ထားရှိစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ အထူးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဟောပြောပွဲကို ကျောင်းသူကျောင်းသားတွေ၊ တက္ကသိုလ်ဆရာ ဆရာမတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၆ဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ဟောပြောချက်အကြောင်း ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။