ဒေါ်အောင်ဆန်းစုကြည်က ပါတီနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မည်


2016.03.20
dr-zawmyintmg-620.jpg NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်ကို မတ်လ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်တယ်လို့  NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီစံအိမ်မှာကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲလို့ သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ ဒေါက်တာ ဇော်မြင့်မောင်က အစိုးရအဖွဲ့မှာ တာဝန်မယူဘူး သဘောမျိုးဖြေကြားခဲ့တာ ဖြစ် ပါတယ်။

"အန်တီရဲ့အခန်းကဏ္ဍကို ကျနော်ဒီလိုပဲဖြေချင်တယ်ဗျ၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပါတီကချတဲ့ ပေါ်လစီတွေကို ကျနော်တို့တွေအကုန်အကောင် အထည်ဖော်တယ်၊ ဘာပဲဖြစ်ဖြစ်ပါတီရဲ့ဥက္ကဌက ထိပ်မှာပဲအမြဲရှိ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရှိလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်း စုကြည်ပဲ ဦးဆောင်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့်အစိုးရကိုလည်း ဒေါ်အောင်ဆန်း စုကြည်ပဲ ဦးဆောင် မယ်၊ ဘယ်နေရာအခန်းကဏ္ဍလိုတော့ မမေးနဲ့တော့၊ ဒီအနေအထားကိုပဲ ကျနော်အခြေခံပြောပြတာပါ"

လာမယ့်အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူနိုင်တယ်လို့ ခန့်မှန်းပြောဆိုတာလည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ညွှန်ကြားရေးမှုးချုပ်တွေပါဝင်တဲ့ အဖွဲ့ဝင် ၈ ဦးပါ လွှတ်တော် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။

ဒီကနေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အရင်က တာဝန်ယူခဲ့တဲ့ ကော် မတီဝင်တွေဟာ လွှတ်တော် ထဲ ရောက်သွားတဲ့အတွက် ရှေ့ဆက်လုပ်ငန်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးတာလို့ လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။