၂ဝ၁၄၊ ၂ဝ၁၅ အကယ်ဒမီပေးပွဲ သို့ ဒေါ်အောင်ဆန်းစုကြည် ပေး ပို့သော သဝဏ်လွှာ


2016.04.03
dassk-kawmu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့အတိုင်း အောင်မြင်တဲ့ရုပ်ရှင်တစ်ကား ဖန်တီးသလို တိုင်းသူပြည်သားအားလုံးက ကိုယ်ကျရာနေရာကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင်ရွက်ရင် တိုင်းပြည် မလွဲမသွေ တိုးတက်အောင်မြင် မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ တာဖြစ်ပြီး အဲ့ဒီသဝဏ်လွှာကို ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ မေတ္တာနဲ့ အသူရာ ဇတ်ကားကနေစပြီး အခုခေတ် ကျမက နှင်းဆီပါမောင် ဇတ်ကားအဆုံး ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းတလျှောက် အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင် မှုတွေနဲ့ သင်ခန်းစာတွေအမျိုးစုံ တွေ့ကြုံခဲ့ကြပြီးပါပြီ၊ အခုလို ပိုမိုပွင့်လင်းလာတော့မယ့် ခေတ်မှာ ရုပ်ရှင်လောကတစ်ခုလုံး အနုပညာရော၊ အတက်ပညာပါ ပိုမိုတိုးတက် အောင်မြင်လာကြမယ် လို့ မျှော်လင့် မိပါတယ်၊ ကျမတို့တိုင်းပြည်လည်း ပြောင်းလဲချိန်တန်ပြီ ဖြစ်တဲ့အတိုင်း အောင်မြင်တဲ့ ရုပ်ရှင်တစ်ကား ဖန်တီးသလို တိုင်းသူပြည်သားအားလုံးက ကိုယ်ကျရာနေရာကနေ ကိုယ့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်၊ ကျမတို့ရဲ့ နိုင်ငံမလွှဲမသွေ တိုးတက်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်မိပါတယ်"

ရုပ်ရှင်ဆိုတာ အနုပညာတွေထဲမှာ လူထုကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာ သက်ရောက်မှု အရှိဆုံးလို့ ပြောရမှာဖြစ်ကြောင်း ရုပ်ရှင်အနုပညာ အောင်မြင်မှုဟာ စုပေါင်းအားထုတ်မှု၊ ညီညွတ်မှု၊ ကိုယ်ကျရာ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှုတို့ရဲ့ ရလဒ်ဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုတွေကိုလည်း အနုပညာရှင်တွေ ထိုက်ထိုက်တန်တန် ရရှိကြပါစေလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပေးလိုက်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ရုပ်ရှင်လုပ်ငန်း စတင်စဉ်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေကို ဖော်ညွှန်း တဲ့ဇာတ်ကားတွေ ထွက်ပေါ်လာခဲ့သလို အမျိုးသားရေးစိတ်ဓာတ် နိုးကြားရေး၊ ကိုလိုနီနယ်ချဲ့စနစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေး ရရှိရေး၊ နိုင်ငံတော်တည်ထောင်ရေး စတဲ့ ကဏ္ဍတွေမှာပါ အနုသုခုမပညာရှင်တွေရဲ့ စွမ်းဆောင်ရပ်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူကို အသိပညာ ဉာဏ်ပညာတွေ ပိုမိုပွင့်လန်းလာဖို့နဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။