မအူပင်ကို ဒေါ်အောင်ဆန်းစုကြည်လာဖို့ မြို့ခံလူငယ်တွေ မေတ္တာရပ်ခံ
2012.03.16

အဲဒီလူငယ်တွေဟာ မအူပင်မြို့ကနေ ကားသုံးစီးနဲ့ ရန်ကုန်မြို့ကို လာရောက်ခဲ့ကြပြီး တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ပိုစတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေ ကိုင်ဆောင် စုရုံးခဲ့ကြပြီး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေနဲ့ မအားလပ်သော်လည်း မအူပင်မြို့လူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စေလိုတဲ့ ဆန္ဒပြင်းပြနေကြတဲ့အတွက် အခုလို မေတ္တာရပ်ခံရတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မအူပင်ကိုလာဖို့ မဖြစ်နိုင်သေးကြောင်း အခြေအနေတွေကို ရှင်းပြခဲ့ရာ လူငယ်တွေ လက်ခံသွားခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မအူပင်မြို့နယ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအနေနဲ့ ဦးစိန်ဝင်းဟန်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီဘုရားဝင်းမှာ လူထု ဟောပြောပွဲကျင်းပဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်ညနေပိုင်းမှာ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။