ဥသြဆွဲတာဟာ အနှောင့်အယှက်ဖြစ်မယ် မထင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ဆို


2013.07.17

အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက်  အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက် ရပ်ဆိုင်းက်ရင် အနှောင့်အယှက်ဖြစ်နိုင်တာ မှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရကြောင်း ပြသတာကတော့ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆိုလိုက်ပါတယ်။

"သူတို့လည်း အချက်ပြတယ်၊ အဲလိုအချက်ပြရင် လမ်းသွားလူတွေက ငြိမ်ငြိမ်သက်သက်လေးနဲ့ သတိရခြင်း အထိမ်းအမှတ်လုပ်ကြတာပဲ၊ ဘာမှတော့ အနှောင့်အယှက်ဖြစ်တယ် မထင်ဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ပတ်သက်ပြီး မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှုမခံခဲ့ရဖူးဆိုရင် မြန်မာပြည်ရဲ့အခြေအနေဟာ ခုလိုဆိုးဝါးနေမှာ မဟုတ်ဖူးဆိုတဲ့အမြင်ကို သူသဘောတူလက်ခံကြောင်းလည်း ပြောပါတယ်။

"သဘောတူတယ်ဆိုတာက လွတ်လပ်ရေးရကာစ နိုင်ငံတစ်နိုင်ငံမှာ ရှေ့တန်းကခေါင်းဆောင်တွေ ကျသွားတယ်ဆိုတာ နိုင်ငံရဲ့ ကံကြမ္မာကို  ထိခိုက်မှုတော့ ရှိမှာပါ၊ အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးနောက်ပိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တယ်ဆိုတော့ အိန္ဒိယနိုင်ငံဟာ တော်တော် အခြေအမြစ် ခိုင်သွားတယ်"

ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မိမိအပါအဝင် ပြည်သူတရပ်လုံးအနေနဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ကြဖို့ ပြောကြားခဲ့တာဖြစ်တဲ့အတွက် နှစ်သက်သဘောကျမိတယ်လို့ လည်းပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။