တိုင်းပြည်ဘဏ္ဍာငွေကို ချွေတာကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာကြား


2016.03.25
dassk-ministers-meet-620.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်ဝန်ကြီး ၁၄ ဦးတို့ မတ်လ ၂၅ ရက်နေ့က နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်မှာ တွေ့ဆုံကြစဉ်
Photo: NLD Chairperson

အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ့် ဝန်ကြီးဌာနအလိုက် စီမံချက်တွေ ကို ရေးဆွဲထားကြဖို့နဲ့ ဝန်ကြီးအိမ်တွေမှာ ထားရှိမယ့် ပရိဘောဂတွေအတွက် ကုန်ကျစရိတ်ကို လစာထဲကနေ သုံးစွဲဖို့ ဝန်ကြီး ၁၄ ဦးကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဝန်ကြီး ၁၈ ဦးထဲက ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို  တွေ့ဆုံပွဲအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က အခုလို ပြောပါတယ်။

"ဧပြီလ ၁ ရက်နေ့ အစိုးရအဖွဲ့သစ်စတဲ့အခါမှာ ရက် ၁ဝဝ စီမံချက်ကို ဌာနအလိုက်ဆွဲထားဖို့ ပြီးတော့ဌာန ချင်း ပေါင်းစပ်ဆောင်ရွက်ဖို့ကိုပဲ အဓိကပြောသွားပါတယ်၊ ရက် ၁ဝဝ စီမံချက်ဆွဲတဲ့အခါမှာလည်း ရက် ၁ဝဝ အတွင်း ပြီးမြောက်နိုင်မယ့် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းမျိုးတွေကို ဦးစားပေးဆောင်ရွက်ဖို့ပြော ပါတယ်၊ နောက်ခြိုးခြံချွေတာဖို့ပြောပါတယ်၊ ပရိဘောကကို ပြည်ထာင်စုအစိုးရရဲ့ ဝန်ကြီးအသစ် ၁၈ ဦးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ပြီးထည့်ရမယ်၊ နိုင်ငံတော်ကနေ ပြန်မတောင်းရဘူး၊ ငါးနှစ်သက်တမ်းထမ်းဆောင် ပြီးရင်လည်း အဲ့ဟာတွေကို နောက်လူတွေကိုတဆင့်လွှဲပေးရမယ်၊ စအနစ်နာခံဖို့ အလားတူပဲပေါ့လေ ပြည် တွင်း ပြည်ပခရီးသွားတဲ့အခါတွေမှာလည်း ခြိုးခြံချွေတာဖို့ အပိုလူတွေမခေါ်ဖို့ လိုအပ်သလောက်ဝန်ထမ်းကိုပဲခေါ် ဖို့ ဒါတွေကိုပြောပါတယ်၊ ဝန်ကြီးဌာနအချင်းချင်းအားလုံးက မိသားစုပုံစံလေး ပေါင်းစပ်ဆောင်ရွက်သွားဖို့ရယ် သူတလူငါတမင်းမလုပ်ဖို့ ကိစ္စဖြစ်ပါတယ်"

ဒါ့အပြင် သူရဦးအောင်ကို သူ့အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စတွေကို ပြောရာမှာ သာသနာရေးနဲ့ ပတ်သက်တာတွေ ဟာ တခါတလေမှာ နိုင်ငံရေးဖြစ်သွားတတ်ကြောင်းနဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို အောင်မြင်စေချင်သူတွေ ရှိသလို၊ မအောင်မြင်စေချင်တဲ့ ခေတ်နောက်ပြန်ဆွဲချင်တဲ့ အဖွဲ့အစည်းတွေ ရှိကောင်းရှိနိုင်ပြီး လူမှုအဖွဲ့အစည်း အတွင်းမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွေအပြင် တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိတရားကင်းကင်းဆောင်ရွက်ဖို့၊ မြန်မြန်ဆန်ဆန်နဲ့တိုးတက်မှုရှိမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လည်း မှာကြားခဲ့ပါတယ်။

တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခြင်းမရှိပါဘူး။

တက်ရောက်ခဲ့သူတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး စတဲ့ ဝန်ကြီး ၁၄ ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။