ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှု UNFC ကြေညာချက် ထုတ်ပြန်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာ အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက် လာရေးအတွက် လက်တွေ့စဉ်းစားချက်တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
-
2016-07-17 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ် စဉ် ပေါ်ပေါက်လာရေးအတွက် လက်တွေ့စဉ်းစားချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လ ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင်လ ၁၇ ရက် မနေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် လက်တွေ့စဉ်းစားချက်တွေ၊ အထူးသဖြင့် မြောက်ပိုင်းဒေသတွေမှာ တပ်မတော်က ဆက်လက်ထိုးစစ်ဆင်နေတာကို ရပ်တန့်ပေးဖို့ ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်မှာ ဖော်ပြ ပါတယ်။
စစ်မှန်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တပြိုင်တည်း ကြေညာနိုင်မယ်လို့ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးက မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်တွေပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း NLD အနေနဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို သန္ဒိဌာန်ချပြီးသားဖြစ်တယ်လို့ ထပ်လောင်းပြောဆို ခဲ့ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဥပဒေစိုးမိုးရေးအခြေခံနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ကြောင်း ဖော်ပြ ထားပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပူးပေါင်းပါဝင်မှုဆိုင်ရာ ချဉ်းကပ်ပုံချဉ်းကပ်နည်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးဖို့ နှစ်ဘက်သဘောတူခဲ့ကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး UNFC ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲကျင်းပမယ်လို့ သိရပါတယ်။