ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ဘူးဆိုတဲ့ တပ်ချုပ်ပြောကြားချက် အစိုးရငြင်းပယ်
2020.08.12
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NRPC က ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခဲ့ဘူးဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဝေဖန်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပယ်ချလိုက်ပြီး ရပ်တန့်သွားတဲ့ NCA လမ်းကြောင်းကို ပြန်လည်စတင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဦးဆောင်ကြိုးစားခဲ့ရတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ NRPC အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းရှေ့ဆက်ဖို့ တပ်မတော်ဘက်က တဖက်သတ်အပစ်အခတ်ရပ်စဲရေး လုပ်ပေးခဲ့တာအပါအဝင် ငြိမ်းချမ်းရေးမှာ အတားအဆီးမဖြစ်စေဖို့ ဆောင်ရွက်ပေးခဲ့တာတွေရှိပေမယ့်၊ အသုံးမချနိုင်ခဲ့ဘူးလို့ သြဂုတ်လ ၇ ရက်နေ့ထုတ် ရုရှားအခြေစိုက် Politic မဂ္ဂဇင်းနဲ့ မေးမြန်းခန်းမှာ ဝေဖန်ခဲ့တဲ့အပေါ် ဦးဇော်ဌေးက NCA လမ်းကြောင်းပြန်စအောင် ကြိုးစားခဲ့ကြောင်း တုံ့ပြန်လိုက်တဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် NRPC မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က တုံ့ပြန်ချက်ရဖို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဟာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တချို့က ဆွေးနွေးပွဲတွေ မတက်တော့ဘဲ သပိတ်မှောက်ခဲ့တဲ့အခြေအနေမျိုးမှာ NCA လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့ရတာလို့ ဦးဇော်ဌေးက ပြောပါတယ်။
" ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် NCA လမ်းကြောင်းကြီးဟာ ရပ်သွားတယ်၊ တကယ်လည်းရပ်သွားတယ်။ အစည်းအဝေးခေါ်လို့မရတော့ဘူး။ ဒီဟာတွေမှာမပါဘူးလို့ ကြေညာချက်တွေ ( Statement) ထုတ်ပြီးတော့ ပြောရရင်တော့ သပိတ်မှောက်လိုက်ပြီ။ ဒီအနေအထားကို အစိုးရက ကြုံခဲ့ရတယ်ပေါ့နော်။ ကြုံရတဲ့အချိန်မှာ ကျတော်တို့ အလွတ် ကြိမ်ဖန်များစွာသွားရတယ်။သွားပြီးတော့ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကဘာလဲ။ ပြဿနာတွေက ဘယ်မှာဖြစ်နေလဲ။ အဲ့ဒီပြဿနာတွေ ဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျတော်တို့ တော်တော်အချိန်ယူရတယ်။ အချိန်ယူပြီးလုပ်ရင်း လုပ်ရင်းနဲ့ လမ်းကြောင်းမှန် NCA လမ်းကြောင်းကို ပြန်ရောက်လာတယ်။ ပြောရရင်တော့ ဒါ ဘယ်သူ့ ဘယ်သူကြောင့်လို့ ကျတော်တို့ အပြစ်မတင်ဘူး။ NCA လမ်းကြောင်းရပ်တဲ့အထိ ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အချိန်ကနေ NCA လမ်းကြောင်းပေါ်ကို ပြန်ရောက်လာအောင် NRPC က လုပ်ခဲ့တာဖြစ်တယ်"
၂၀၁၈ ခုနှစ် စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတဲ့ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေ အပါအဝင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ NCA လေးနှစ်ပြည့် အခမ်းအနား တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်ခေါင်းဆောင်တွေကြား မကျေလည်မှုတွေ အစပြုခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ KNU အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ရေးကို ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ကြေညာခဲ့သလို၊ RCSS အဖွဲ့ကလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတဲ့ JMC အစည်းအဝေးတွေကို မတက်တော့ဘူးဆိုတဲ့ သပိတ်မှောက်တဲ့ အခြေအနေမျိုးကို အစိုးရအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
အချိန်တိုအတွင်းမှာ လိုလားချက်တွေကို တဖက်က သဘောတူဖို့ တွန်းတွန်းတိုက်တိုက်လုပ်ရင် မအောင်မြင်နိုင်တာကိုလည်း အတွေ့အကြုံအရ သိပြီးဖြစ်လို့ အချိန်ယူဆောင်ရွက်ခဲ့သလို၊ လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေက နောက်အစိုးရလက်ထက်မှာ အသင့်အနေအထားနဲ့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လမ်းခင်းပေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
အစိုးရရဲ့ ကြိုးစားမှုကြောင့် အခုအသစ်တဖန်ပြန်စလာတဲ့ ၂၁-ရာစုပင်လုံအကြို ညှိနှိုင်းဆွေးနွေးပွဲတွေမှာတော့ ၃ ရက်တာကာလအတွင်း နှစ်ဖက်အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေကို ကျော်လွှားပြီး အောင်မြင်တဲ့ ရလဒ်တွေကို ရခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
"ဒီသုံးရက်တာ JICM အကြိုညှိနှိုင်းအစည်းအဝေးဟာ အောင်မြင်တဲ့ ညှိနှိုင်းအစည်းအဝေးလို့ ဆိုနိုင်ပါတယ်။ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေကြားမှာရော သက်ဆိုင်ရာအစုအဖွဲ့တွေကြားမှာပါ အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။ ရှဥ့်လည်းလျှောက်သာ ပျားလဲစွဲသာဖြစ်အောင် ထိန်းညှိပေးရပါတယ်။ နှစ်ဖက်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဝေါဟာရအသုံးအနှုန်းတွေရဲ့ နောက်ကွယ်က သဘောထားတွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်ခဲ့ပါတယ်"
သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် NRPC မှာ တတိယမြောက်နေ့အဖြစ် ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICMအကြိုဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရတို့ကြား သဘောတူညီချက်တချို့ ရရှိခဲ့ပါတယ်။
အဲဒါတွေကတော့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ခေါင်းစဉ် ၈ ခုနဲ့ ဖက်ဒရယ် အခြေခံမူ သဘောတူညီချက် ၅ ရပ်တို့ဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့မှာ ဆက်လက်ကျင်းပမယ့် ၉ ကြိမ်မြောက် JICM အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။
သုံးရက်ကြာ JICM အကြို ညှိုနှိုင်းဆွေးနွေးပွဲအတွင်း နှစ်ဖက်ကိုယ်စားလှယ်တွေကြားမှ အကျေအလည် အကြိတ်အနယ်ဆွေးနွေးခဲ့တာကို တွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာလည်း PPST အစည်းအဝေးတွေ ကျင်းပပြီး သဘောတူညီချက်ရဖို့ ညှိနှိုင်းခဲ့ရပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြားထဲမှာလည်း မတူညီတဲ့အမြင်တွေ ရှိပေမယ့် ၃ ရက်ကြာဆွေးနွေးပွဲက ရလဒ်တွေကို ကျေနပ်မူရှိပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ကျနော်တို့က အနှစ် ၇၀ ဒီပစ်ခတ်တိုက်ခိုက်မှုအတွက် အချိန်အများကြီးရှိတယ်။ ခံယူချက်တွေလည်း တစ်ဘက်နဲ့ တစ်ဘက် မတူညီကြဘူး။ ခံစားချက်တွေကလည်း တစ်ဘက်နဲ့ တစ်ဘက် မတူညီကြဘူး။ ကျနော်တို့ ဆယ်ဖွဲ့မှာလည်း အများကြီး ညှိနှိုင်းကြတယ်၊ တစ်ထပ်တည်းဖြစ်ဖို့တော့ နည်းနည်းခက်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီဆွေးနွေးပွဲအပေါ်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုလည်း တစ်ဖက် အစုအဖွဲ့ဆိုတာရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ အစုအဖွဲ့က ဒီအခြေအနေကာလအတွင်းမှာ အချိန်ကာလရော မလုံလောက်တဲ့အတွက် Election လည်းနီးတဲ့အတွက် ဒီလောက်ရရှိတာကို ကျနော်တို့ ကျေနပ်တယ်လို့ ပြောရမှာပေါ့။"
တချိန်တည်းမှာပဲ သြဂုတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ RCSS/ SSAအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားထားရာမှာ၊ ကရင်နီတိုးတက်ရေးပါတီ KNPP က အခက်အခဲတချို့ကြောင့် ညီလာခံကိုမတက်ရောက်နိုင်ကြောင်း အစိုးရကို တရားဝင်အကြောင်းပြန်ထားပါတယ်။ တအောင်းပလောင် TNLA အဖွဲ့ကလည်း AA ကို မဖိတ်ကြားရင် သူတို့အဖွဲ့အနေနဲ့ ညီလာခံကို တက်ရာက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီလို အခြေအနေတွေကြောင့် UWSA "၀ "အဖွဲ့၊ KIA ၊ SSPP/SSA ၊ တအာင်းပလောင် TNLA စတဲ့ အဖွဲ့တွေကလည်း၊ အစိုးရဖိတ်ကြားထားတဲ့ ပင်လုံညီလာခံကို တက်ရောက်ဖို့ ရှိ မရှိ၊ မနေ့က UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ဆွေးနွေးခဲ့ကြပြီး၊ အကြောင်းတစုံတရာ ဆက်သွယ်လာတာမရှိသေးဘူးလို့ ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။