အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေ မကြာခင်တွေ့ဖို့ စီစဉ်နေ

ခင်မောင်စိုး
2020.12.09

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆွေးနွေးပွဲတွေ မကြာခင်စတင်နိုင်ဖွယ် ရှိတယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်နေသူတွေက ပြောပါတယ်။ AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးလည်း မကြာခင်က ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ အစိုးရက ပြောကြားခဲ့တဲ့အတွက် တိုင်းရင်းသားအဖွဲ့တွေက ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းအဖြစ် ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ဖြစ်ပွားမှုနဲ့ ရွေးကောက်ပွဲတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီရက်ပိုင်းဆွေးနွေးခဲ့ရာမှာ အားရစရာတွေ တွေ့ရတယ်လို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က RFA ကိုပြောပါတယ်။

“ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်မှာ နေပြည်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းပွဲတွေ လုပ်ခဲ့တယ်။ ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်မှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးလက်မှတ် မထိုးရသေးတဲ့ KNPP နဲ့လည်း ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ဗီဒီယိုကနေ ဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့တယ်။ အခုတော့ မူဝါဒလည်းပေးထားတာဖြစ်တဲ့အတွက် လက်မှတ်မထိုးရသေးတဲ့သူတွေနဲ့ လာမဲ့ရက်ပိုင်းတွေကစပြီး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ပြင်ဆင်နေတယ်၊ လက်မှတ်ထိုးပြီးသားသူတွေနဲ့လည်း လာမဲ့သီတင်းပတ်ထဲမှာ ဆွေးနွေးပွဲတွေ စနိုင်ဖို့ ပြင်ဆင်နေတာရှိပါတယ်။”

အခုဆွေးနွေးပွဲတွေမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပါဝင်လာတာကို တိုးတက်မှုလို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ အရင်လူတွေထက် ဆုံးဖြတ်လုပ်ကိုင်နိုင်သူ ဖြစ်လို့ လုပ်ငန်းစဉ်တွေ ပိုပြီးမြန်လာတယ်လို့ ဆိုပါတယ်။

ဒီအတွင်း KIA, TNLA, MNDAA နဲ့ AA မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ အစိုရအကြားဆက်သွယ်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွန်ဂျာ က သူ့ကို သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီရက်ပိုင်းအတွင်း ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁ဝ ရက် ၁၅ ရက်လောက်က ဦးဇော်ဌေး အနေနဲ့ ကျနော်တို့ကို ပြောလာတာရှိတယ်။ သူတို့နဲ့ ကျနော်တို့တွေ့ဆုံဖို့အတွက် ဘယ်လိုလမ်းစရှာပြီး တွေ့နိုင်မလဲ ဆိုတာပေါ့။ အဲဒါ ကျနော့်ကို တရားဝင်ပြောတာလား တရားဝင်ဆိုရင် ကျနော်ဒီမြောက်ပိုင်းလေးဖွဲ့ကို တင်ပြမယ် ဆိုတော့ တရားဝင်ပြောတာ မဟုတ်သေးဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြုံတောင်းတာပဲ ရှိပါသေးတယ်လို့ ပြောတယ်။ အဲလိုဆိုတော့ ဘယ်လိုဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုပြီး ကျနော်အကြံပြုလိုက်တာ ရှိပါတယ်။ အဲဒါကို သူတို့ဆွေးနွေးပြီး ပြန်အကြောင်းကြားမယ်လို့ ပြောတယ်။”

NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတိုးတက်ချင်ရင် အရင်လူတွေ အရင်မူတွေကိုပြောင်းလဲဖို့ လိုတယ်လို့လည်း ဦးလမိုင်ဂွန်ဂျာ ကပြောပါတယ်။

“AA ကလည်း သူတို့ကို အကြမ်းဖက်အဖွဲ့ဆိုပြီး သတ်မှတ်ထားတာဖြစ်တဲ့အတွက် သူတို့ဘယ်လိုလာမလဲ၊ အခုလာမယ့် အစိုးရအသစ်အနေနဲ့ အပြောင်းအလဲတခုတော့ လုပ်သင့်တယ်။ ဒါကြောင့် အကြမ်းဖက်အဖွဲ့ဆိုပြီး သတ်မှတ်တာကိုဖြုတ်ပစ်လိုက်။ အဲဒီလို ဖြုတ်ချပြီးတွေ့ဆုံမယ်ဆိုရင် ကျိုင်းတုံမက ရန်ကုန်ပဲဖြစ်ဖြစ် နေပြည်တော်ပဲဖြစ်ဖြစ် တွေ့ဆုံလို့ရတယ်။ အခု AA အနေနဲ့က ရခိုင်ဒေသ ၉ မြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တာကို ဆက်လက်လုပ်ပေးဖို့ဆိုပြီး စတိတ်မန့် ထုတ်ထားတဲ့အပေါ်မှာ တပ်မတော်က ထောက်ခံပြီးတော့ လုပ်ချင်တယ်ဆိုတဲ့အကြောင်း ထောက်ခံထားတော့ ဒါကအစိုးရပေါ်မှာ မူတည်ပါတယ်။ လုပ်ပေးနိုင်ပြီဆိုရင် ဒါကိုအခြေပြုပြီးတော့ ယုံကြည်မှုတည်ဆောက်နိုင်တယ်။ အခုလည်း တပ်မတော်နဲ့ AA နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ၂ ကြိမ်လောက် တွေ့ဆုံတယ်ဆိုတာ ဒါအလားအလာကောင်းတဲ့အခြေအနေပေါ့။ Bilateral လက်မှတ်မထိုးနိုင်သေးတဲ့ ဒီလေးဖွဲ့ဟာ ယုံကြည်မှုတည်ဆောက်နိုင်ပြီးတော့ တဆင့်ပြီးတဆင့် တိုးတက်လာလိမ့်မယ်ဆိုရင် Bilateral ထိုးနိုင်မယ့်အလားအလာ ရှေ့ဆက်ကောင်းနိုင်မယ်လို့ ကျနော်ထင်တယ်”

မြောက်ပိုင်းလေးဖွဲ့ နဲ့ မကြာခင်တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်လို့ ဦးလှမောင်ရွှေကလည်း ပြောပါတယ်။

“မြောက်ပိုင်း လေးဖွဲ့ နဲ့ ဆွေးနွေးဖို့က နဂိုထဲက ဆွေးနွေးနေတာပါ။ ဒါပေမဲ့ ကျိုင်းတုံအစည်းအဝေး ပြီးတဲ့နောက်ပိုင်း ကိုဗစ်ကြောင့် ပြန်မဆွေးနွေးရသေးပါဘူး။ ကျနော်တို့မှာ မူဝါဒတွေပေးပြီးသား မြောက်ပိုင်းလေးဖွဲ့မှာ AA အဖွဲ့လည်းပါတာဖြစ်တဲ့အတွက် ဒီ ဒီဇင်ဘာလကုန်ပိုင်းလောက်တော့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။”

ဦးလမိုင်ဂွန်ဂျာက အစိုးရထံက တုံ့ပြန်ချက်ကို သူတို့မကြာခင်ရရှိဖို့ မျှော်လင့်နေတယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။