ငြိမ်းချမ်းရေးလုပ်ငန်း ရှေ့မတိုးမှုကို လေ့လာသူတို့ ဝေဖန်
2020.08.12
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး မူဝါဒပိုင်း ချမှတ်ရေးမှာ ပြုပြင်ပြောင်းလဲသင့်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အားရကျေနပ်စရာ မကောင်းဘူးလို့ ဝေဖန်တဲ့ လေ့လာသူတွေရှိသလို တပ်မတော်နဲ့ အစိုးရ သဘောထား မတူကြတဲ့အတွက် ဆွေးနွေးပွဲတွေ ရှေ့မရောက်တာဖြစ်တယ်လို့ ဝေဖန်သူလည်း ရှိပါတယ်။
ဦးသိန်စိန်အစိုးရ လက်ထက် ၂၀၁၅ အောက်တိုဘာမှာ လက်နက်ကိုင်အဖွဲ့ ရှစ်ခုနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့သလို NLD အစိုးရလက်ထက် နောက်ထပ် နှစ်ဖွဲ့ စာချုပ်မှာ ပါဝင်လာပါတယ်။
NCA စာချုပ်မူကြမ်းကို နောက်ဆုံးအထိ ရေးဆွဲရာမှာပါဝင်တဲ့ TNLA အပါအဝင် မြောက်ပိုင်းတပ်ဖွဲ့တွေကို စာချုပ်လက်မှတ်ရေးထိုးဖို့ မဖိတ်ခေါ်ခဲ့တဲ့အတွက် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ စာချုပ်လက်မှတ်ရေးထိုးမှုမှာ မပါဝင်လာတော့ပဲ အဲဒီလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေခဲ့ပါတယ်။
အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေဟာလည်း ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ငါးနှစ်တာကာလမှာ အဓိကဆွေးနွေးတဲ့ NRPC ဒုဥက္ကဋ္ဌ မကြာခဏ ပြောင်းလဲခဲ့မှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အလုပ်မတွင်ခဲ့ဘူးလို့ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာလဲ တပ်နေရာချထားရေး အပါအဝင် ကဏ္ဍအချို့မှာ ညှိမရတာတွေကြောင့်လည်း ငြိမ်ချမ်းရေးဖြစ်စဉ်ကို အားနည်းစေတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံရေးဆွေးနွေးမှုအပိုင်း အပစ်ခတ်ရပ်စဲရေးအပိုင်း ဆိုပြီး နှစ်ပိုင်းရှိနေတာပါ။
NCA လမ်းကြောင်းကနေဖြစ်ပေါ်လာတဲ့ ၂၁ ပင်လုံလို နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း လိုသလောက် ခရီးမရောက်ခဲ့ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
အပစ်ရပ်ထားတဲ့ အဖွဲ့တွေထဲက KNU နဲ့ RCSS အဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းအရ သူတို့ဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာကို တပ်မတော်က တားမြစ်တာတွေရှိခဲ့လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ နှစ်နှစ်လောက် ရပ်တန့်ခဲ့ရပါတယ်။
၂၁ ရာစု ပင်လုံကနေ ထွက်လာတဲ့အချက်တွေမှာလည်း ယေဘုယျဆန်နေသေးသလို ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်ရာမှာ အားနည်းချက်တွေ အများကြီးရှိနေတဲ့အတွက် မူဝါဒချမှတ်မှု အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
NLD အစိုးရ လက်ထပ်မှာ အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှု ဆယ်ကြိမ်မကရှိခဲ့ပြီး လက်ရှိမှာ အပစ်ခတ် ရပ်စဲရေး၊ တပ်နေရာချထားရေးကိစ္စတွေမှာ ရှေ့တိုးလို့မရဘဲဖြစ်နေတယ်လို့ မြောက်ပိုင်းဆွေးနွေးပွဲတွေမှာပါဝင်တဲ့ TNLA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။
ဆွေးနွေးပွဲတိုင်းမှာ တပ်မတော်က သူတို့ရဲ့မူဝါဒ ခြောက်ချက်အတိုင်း လက်ခံဖို့ပြောဆိုနေခဲ့လို့ နွေးပွဲတွေဟာ ရှေ့ဆက်မရ ဖြစ်နေခဲ့တယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။
NCA စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကတော့ " ဝ "၊ မိုင်းလား၊ ကချင်လွတ်မြောက်ရေး တပ်မတော် အပါအဝင် ရှစ်ဖွဲ့ရှိနေပြီး အဲဒီထဲမှာ " ဝ " နဲ့ မိုင်းလားအဖွဲ့တွေက NCA စာချုပ်မူကြမ်း ရေးဆွဲချိန်ကတည်းက ပါဝင်ခဲ့တာ မရှိပါဘူး။
လက်ရှိမှာ မြောက်ပိုင်းအဖွဲ့လေးဖွဲ့ဖြစ်တဲ့ KIA/ TNLA/ MNDAA/ AA စတဲ့ အဖွဲ့တွေနဲ့ နှစ်ဖက်အပစ်ရပ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေတာပါ။တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကတော့ ဆွေးနွေးပွဲတွေမှာ တပ်မတော်နဲ့ အစိုးရပိုင်းရဲ့ သဘောထားက တစ်မျိုးစီဖြစ်နေတဲ့အတွက် ဆွေးနွေးပွဲတွေ ရှေ့မရောက်ဘူးလို့ ပြောပါတယ်။
တပ်မတော်ဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်တာ၊ မတက်တာဟာ NRPC ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ အပစ်ရပ်ကာလတွေ သတ်မှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တပ်မတော်ဖက်က ပြောဆိုထားပါတယ်။
လာမယ့် စတုတ္တအကြိမ် ၂၁ ပင်လုံ ဆွေးနွေးပွဲအဆုံးသတ်ရင် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တစ်ခန်းရပ်ပြီး ရွေကောက်ပွဲကာလကို ရောက်တော့မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ၂၁ ပင်လုံမှာ ဆွေးနွေး လာဖွယ်ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေ အပေါ်မှာတော့ သူ့အနေနဲ့ အားရကျေနပ်မှု မရှိဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။
အစိုးရက အဖွဲ့စည်းထားတဲ့ NRPC က ငြိမ်းချမ်းရေး ဆောင်ရွက်ချက်အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဝေဖန်ပြောဆိုထားတာရှိပြီး အဲဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
အာဏာရ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ NLD အစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကြားကနေ စေ့စပ်ပေးရတဲ့ အနေအထားမှာပဲရှိတယ်လို့ ဇူလိုင် ၁၄ ရက်နေ့က RFA ကို ပြောထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေဖက်ကတော့ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတော်ခရီးရောက်ဖို့ မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။