အပစ်ရပ် လက်မှတ်ထိုးအဖွဲ့ ၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
2015.12.17

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဒီနေ့တေ့ွဆုံရာမှာ၊ သူ့အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်မရေးထိုးတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
နေပြည်တော် လွှတ်တော်ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တေ့ွဆုံစဉ် ရှင်းပြခဲ့တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။
"အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ NCA လက်မှတ်ရေးထိုးပွဲမှာ NLD ဘာကြောင့် လက်မှတ်မရေးထိုးခဲ့လဲဆိုတာ အဓိကထားပြီးရှင်းပြတယ်၊ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ နားလည်မှု လွဲမှာစိုးတဲ့အတွက် လက်မှတ်မရေးထိုးခဲ့တာလို့ ရှင်းပြခဲ့ပါတယ်၊ လက်ရှိအစိုးရနဲ့ နောင်တက်လာမယ့် အစိုးရကြားထဲမှာ အချိတ်အဆက်မိမိနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်၊ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း အားလုံးအတူတကွ ပါဝင်လက်တွဲပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်"
တေ့ွဆုံပွဲကို အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီအဖွဲ့ ၈ဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို တက်ရောက်အပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်း ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။