ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ နဲ့ တွေ့ဆုံပွဲ အကျိုးကြီးမားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2015.12.09

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ဆုံပွဲဟာ တိုင်းပြည်အတွက် အကျိုးရလဒ်ကြီးမားတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူကအခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
"နိုင်ငံအကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်ဆိုတာ ဒါကြီးမားတဲ့အကျိုးပဲလို့ ပြောရမှာပေါ့"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ဆွေးနွေးပွဲတွေကိုလည်း အားရကျေနပ်ကြောင်းနဲ့ ၇ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံရာမှာတော့ NCA အပစ်ရပ်စာချုပ်နဲ့ NLD က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာမယ့်ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားပါတယ်။
တဆက်တည်းမှာပဲ လတ်တလော ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေကို အရည်အချင်းမြှင့်တင်ဖု့ိစီစဉ်နေရာမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အရင်ဆုံး သင်တန်းပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
"တိုင်းရင်းသား ကိုယ်စားလှယ်တွေက သတ်မှတ်ပြီးသား၊ ဝင်ရွေးကတည်းက တိုင်းရင်းသား ကိုယ်စားလှယ်တွေအဖြစ်နဲ့ ရွေးတယ်ဆိုတော့ အဲ့ဒီတိုင်းရင်းသားကိုယ်စားလှယ်တွေ သင်တန်းကို ပထမဦးဆုံးစမှာပါ၊ တခြားကိုယ်စားလှယ်တွေကျတော့ ဘယ်လူကဘယ်ဘက်မှာ သန်မလဲဆိုတာ သန်ရာသန်ရာကို နည်းနည်းလေ့လာပြီးမှ အုပ်စုဖွဲ့ပြီးတော့ လေ့ကျင့်မှာ၊ ကျွမ်းကျင်မှုရှိအောင်လို့ လုပ်ပေးမှဖြစ်တယ်"
ဒါ့အပြင် NLD ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အစီအစဉ်ရှိကြောင်း၊ ဒါပေမဲ့ နေ့ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။