နိုင်ငံနဲ့ ပြည်သူတွေအပေါ် အုပ်ချုပ် မယ့်သဘောထား ဒေါ်အောင် ဆန်းစုကြည်ပြောကြား


2016.04.18
dassk-new-year-speech-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁၈ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်း ပြောကြားနေစဉ်
Photo: နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး/ Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်အနေနဲ့ ပြည်သူတွေအပေါ် မေတ္တာထားပြီး၊ နိုင်ငံအပေါ် သစ္စာတရားနဲ့ အုပ်ချုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်ရဲ့ ပြည်သူနဲ့ တိုင်းပြည်အပေါ် ထားရှိတဲ့ ကတိတရားကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"၁၉၄၇ ခုနှစ် ရွေးကောက်ပွဲများပေါ့နော်၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဦးတည်တဲ့ရွေးကောက်ပွဲ များ ကျင်းပပြီးတဲ့အခါမှာတော့ ဖေဖေပြောခဲ့တဲ့ အင်မတန်မှတိုတောင်းပြီးတော့ ရှင်းလင်းတဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဒီနိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါမယ်တဲ့၊ အဲ့တော့ နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ မယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ မေတ္တာထားပါမယ် ၊ နိုင်ငံအပေါ်မှာ သစ္စာစောင့် ပါမယ်၊ ဒီဟာက အင်မတန်မှ တိုတိုတောင်းတောင်းနဲ့ ပြည်သူလူထု ကို လေးစားတဲ့ဘယ်အစိုးရ မဆို ပေးသင့်၊ တည်သင့်တဲ့ ကတိဖြစ်ပါတယ်၊ ကျမတို့လည်း ဒီတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားချင်ပါ တယ်၊ ပြည်သူပြည်သားတွေ အပေါ်မှာ မေတ္တာထားပါမယ်၊ နိုင်ငံအပေါ် မှာ သစ္စာစောင့်ပါမယ်၊ အဲ့ဒီ ဟာ နှစ်ခုပဲ လုပ်နိုင်ပြီဆိုရင် ကျမတို့နိုင်ငံဟာ အောင်မြင်ဖို့သေချာပါတယ်၊ ဒီအချိန်ခါကနေ စပြီးတော့ ကျမတို့ရဲ့နိုင်ငံရဲ့အနာဂတ်တလျှောက် အောင်မြင်ဖို့အတွက် ကျမ တို့ ပြည်သူ၊ ပြည်သားအားလုံးဟာ မေတ္တာခြုံလို့ လုံနိုင်ပါစေ၊ သစ္စာဆောင်လို့ အောင်နိုင်ပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးကို အလေးထားတဲ့အတွက် မဲမပေးခဲ့ မထောက်ခံခဲ့တဲ့ ပြည်သူတွေအတွက်လည်း ကျောသား ရင်သားမခွဲခြားဘဲ တာဝန်ယူသွားမှာဖြစ်ကြောင်း ပြော ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးကို စတင်လုပ်ဆောင်ခဲ့တဲ့ အရင်အစိုးရဟောင်းရဲ့ လုပ်ရပ်တွေကို တန်ဖိုးထားကြောင်းနဲ့ အသိ အမှတ်ပြုကြောင်း ပြောပါတယ်။

အစိုးရသစ်ဟာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီစနစ်ရှင်သန် အမြစ်တွယ်ရေးစတဲ့ အခြေခံမူတွေကို ချမှတ်ထားပါတယ်။

ဒါ့အပြင် အစိုးရသစ်အနေနဲ့ များပြားလှတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းသေးတာကြောင့် အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲလုပ်ဖို့ ဝန်မလေးကြောင်း လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။