ဒေါ်အောင်ဆန်းစုကြည် ဇွန်လမှာ ခရီးထွက်ဖွယ်ရှိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း နယ်ခရီးစဉ်တွေ စတင်တော့မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ ဒီကနေ့ ဟောင်ကောင်တက္ကသိုလ်က ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်သား စုစုပေါင်း တထောင်လောက်နဲ့ အင်တာနက် ဗီဒီယိုကတဆင့် တိုက်ရိုက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပရိသတ်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

2011.05.30
assk-hong-kong-talk-305-z ၂ဝ၁၁ ခုနှစ် မေလ ၃ဝ ရက်နေ့က ဟောင်ကောင်တက္ကသိုလ်တွင် ပြုလုပ်သည့် “အောင်ဆန်းစုကြည်နှင့် ရာစုနှစ် အထိမ်းအမှတ် စကားပြောခြင်း” တိုက်ရိုက် ဗီဒီယို ဆွေးနွေးခန်း အစီအစဉ်အကြောင်း ဟောင်ကောင် တက္ကသိုလ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (http://www0.hku.hk/socsc/assk/)
http://www0.hku.hk/socsc/assk/

ခရီးစဉ်နဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် မရှိသေးကြောင်းနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နောက်ပိုင်းမှာ ခရီး စတင်မယ်လို့ စဉ်းစားနေကြောင်း ပါတီခေါင်းဆောင်ပိုင်းကို ပြောတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွန် ၁၉ သူ့မွေးနေ့ ကျော်သွားတဲ့အခါမှာ ခရီးထွက်ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ကို အဲဒီလိုပဲ ပြောတာ။ ဒေါ်စု နယ်ကို ခရီးသွားမယ်ဆိုတဲ့ အစီအစဉ်ကိုပါ၊ သူက ပြည်သူလူထုနဲ့ နိုင်ငံသားတွေနဲ့ တွေ့ချင်တဲ့ ဆန္ဒပဲ။ ဘယ်လိုပုံစံ ဖြစ်လာမယ်တော့ ကျနော်ကြိုပြီး မပြောချင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့် ရှိမရှိဆိုတဲ့ အချက်ကို စမ်းသပ်လိုက်တာလည်း ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရက ဘာမှ တိတိကျကျ အာမ,ခံချက် ပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောင်ကောင်တက္ကသိုလ်က ပရိသတ်ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။