နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး ကြိုးပမ်းမည်
2016.04.07

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှာဖြစ်ကြောင်း သူ့ရဲ့ ပထမဆုံးကြေညာချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်ရေးဟာ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရရဲ့ ဦးစားပေးလုပ် ငန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခုလာမယ့် နှစ်သစ်ကူး အခါသမယမှာ သူတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဥပဒေပုဒ်မ ၃ ခုကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေညာချက်အမှတ် ၁ မှာဖေါ်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင် ခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) ပါပြဌာန်းချက်အရဆိုရင်တော့ နိုင်ငံတော်သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတယ် လို့ ပြဌာန်းထားကြောင်း၊ ဒါ့အပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရလည်း အစိုးရရှေ့နေတွေဟာ လူတစ်ယေက်အပေ ါ်စွပ်စွဲထားတဲ့အမှုကို စီရင်ချက်မချမီ တရားရုံးရဲ့ သဘောတူညီချက်နဲ့ ရုပ်သိမ်း နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြထားပါတယ်။
ကြေညာချက်နောက်ဆုံးအပိုဒ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ပုဒ်မ ၂ဝ၄ ပုဒ်မခွဲ(က) နဲ့ ပုဒ်မ ၄၉၄ တို့ကိုအသုံးပြုပြီး ဆောင်ရွက်မယ်လို့ ဖေါ်ပြထားပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ပေးနိုင်တဲ့ ပုဒ်မ ၂ဝ၄ ပုဒ်မခွဲ (ခ)ကို ဘာကြောင့် အသုံးမပြုနိုင်သလဲဆိုတာတော့ ဖေါ်ပြထားခြင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက်ကို အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်က မနီလာသိန်းရဲ့ ခင်ပွန်းဖြစ်သလို ၈၈ ပွင့်လင်း အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ကိုဂျင်မီက မိမိတို့မျှော်လင့်နေတဲ့ သတင်းဖြစ်တဲ့အတွက် အားရကြိုဆိုကြောင်းပြောပါတယ်။
လက်ရှိမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ အမိန့်ချပြီးသား ၉ဝ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ ၄ဝဝ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။