မြန်မာ့နိုင်ငံခြားရေး မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းမည်
2016.04.20

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၂၂ ရက်၊ သောကြာနေ့ မွန်းလွဲ (၂) နာရီ မှာ ပြည်တွင်း ပြည်ပအခြေစိုက် သံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြော ကြားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန် က ပြောကြား ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြည်တွင်းပြည်ပ အခြေစိုက် သံတမန်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်အခြေစိုက် သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနကိုယ်စားလှယ်ရုံး၊ ပြည်ပအခြေစိုက် သံရုံး ၄၆ ရုံး၊ စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားထားပြီး အခုအချိန်ထိ သံရုံး ၇၃ ရုံးက တက်ရောက်မယ်လို့ အကြောင်းပြန်ထားကြောင်း ကြေးမုံသတင်းစာက ဖော်ပြ ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေးလိုအပ်ချက်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံ တကာ ဖြစ်စဉ်တွေကနေ ကိုယ့်နိုင်ငံပြည်တွင်းရေးအပေါ် သက်ရောက်မှုတွေကိုလည်း စောင့်ကြည့်လေ့လာ၊ အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်ပြီး ရပ်တည်ဆောင်ရွက်မှုတွေ ဆက်လက်ဖေါ်ဆောင်နေကြောင်း၊ အရင်ကလို သာမန် နှစ်နိုင်ငံဆက်ဆံရေးမျိုးသာ မဟုတ်တော့ဘဲ၊ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ပိုမိုနိုးကြားတက်ကြွမှုနဲ့ ပူးပေါင်းဆောင်ရွက်ရတော့မှာမို့ အာဆီယံ၊ ဘင်းစတက်၊ ဂျီအမ်အက်စ် စတဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း လည်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန်က ပြောကြား ပါတယ်။